HomeCovid 19မော်လမြိုင်‌ဈေးကြီး ဆိုင်ခန်းပြန်အပ်သူများလာ

မော်လမြိုင်‌ဈေးကြီး ဆိုင်ခန်းပြန်အပ်သူများလာ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ-၉)

မော်လမြိုင်မြို စျေးကြီးများဖြစ်သော အမှတ် (၁)ဈေး၊ မြိုင်ရတနာနှစ်ထပ်ဈေး နှင့် လေးထပ်ဈေးတို့တွင် အဌားဆိုင်ခန်းဖြင့် ရောင်းချနေသူ ၅၀ ရာခိုင်နှုန်းကျော် ဆိုင်ခန်းများပြန်အပ်နေကြပြီဖြစ်ကြောင်း အမှတ်(၁)ဈေးကော်မတီအဖွဲ့ထံမှ သိရသည်။

ကိုဗစ်တတိယလှိုင်းမြင့်တက်လာသည့်ကာလက စည်ပင်သာယာဈေးများတွင် အခြေခံစားသောက်ကုန်ဆိုင်များသာ ဖွင့်ခွင့်ပေးထားပြီး ရွှေ၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းနှင့် ကျန်သည့်ဆိုင်များကို ပိတ်ထားရန် ဇူလိုင် ၅ ရက်တွင် ညွှန်ကြားခဲ့ကြောင်း၊ လက်ရှိအချိန်ထိ ဖွင့်လှစ်ခွင့်မရသောကြောင့် ဆိုင်ခန်းဌားထားသူများဆိုင်ခန်း ပြန်အပ်နေကြခြင်းဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ဝင် ဦးစိုးက ပြောသည်။

“ကိုယ်ပိုင်ဆိုင်သမားတွေက ကိစ္စမရှိဘူး။ အဌားသမားတွေဆို ဆိုင်တွေတောင် ပြန်အပ်ကုန်ကြပြီ။ အဌားသမားတွေကျတော့ ဆိုင်ဌားခလည်းပေးရတယ်။ အလုပ်သမားခနဲ့ဆို မကိုက်ကြလို့ အဌားသမားတွေ တော်တော်များများ ဆိုင်ပြန်အပ်ကုန်ကြပြီ”ဟု ၎င်းက ပြောသည်။

အခြေခံစားသောက်ကုန်ဆိုင်များ ဖွင့်လှစ်ခွင့်ပေးထားသော်လည်း ဈေးများသို့ လာရောက်ဝယ်ယူသူ နည်းနေသောကြောင့် တစ်ချို့ဆိုင်သမားများ ဆိုင်ပိတ်ထားကြောင်း၊ ကိုယ်ပိုင်ဆိုင်ခန်းရှိသူများသာ ဆက်လက်ရောင်းချရန် အဆင်ပြေသည့် အနေအထားဖြစ်နေကြောင်း ၄င်းက ဆက်ပြောသည်။

အမှတ်(၁)ဈေးမှ စက်နှင့် စက်ပစ္စည်း၊ ချည်ထည်များ ရောင်းချနေသူ တစ်ဦးက “အခုတော့ အိမ်မှာပဲ အိမ်ဆိုင်လေးဖွင့်ဖို့စီစဉ်ထားတယ်။ ဆိုင်ခန်းက မဖွင့်ရဘူး။ ဆက်ပြီး ယူထားမယ်ဆို ဌားခက ‌ပေးရမယ်ဆိုတော့ အဆင်မပြေဘူးလေ။ ဈေးကလည်း ဘယ်ချိန်မှ ဖွင့်ခွင့်ရမလဲဆိုတာ ဘယ်သူမှ မသိဘူးလေ”ဟု ၎င်းက  ပြောသည်။

ဆိုင်ခန်းဌားခသည် နေရာပေါ်မူတည်ပြီး ဈေးနှုန်း တစ်သိန်းမှ ၇ သိန်းထိ ပေးရကြောင်း၊ ကိုဗစ်စည်းကမ်း နှင့် အညီ ပြန်လည်ဖွင့်ခွင့်ရပါက ဈေးသူဈေးသားများ နှင့် ဈေးကိုမှီခိုနေကြသူများ စားဝတ်နေရေးအဆင်ပြေလာမည်ဖြစ်‌ကြောင်း သိရသည်။

မော်လမြိုင်အမှတ် (၁)ဈေး၊ မြိုင်ရတနာ နှစ်ထပ်ဈေး နှင့် လေးထပ်ဈေးတို့တွင် ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော် ၊ ကုန်ထမ်းသမားများအပါအဝင် အခြေခံလုပ်သား ၃၀၀၀ နီးပါးအလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts