spot_img
Friday, January 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကျိုက်မရောစံပယ်ဂူလမ်းဟောင်းပေါ် ဆိုင်ကယ်လုယက်ပြီး ကျောင်းဆရာမတစ်ဦးသေဆုံးမှု တရားခံ ၃ ဦး ဖမ်းဆီးရမိထားပြီဟု ခရိုင်ရဲမှူးပြော

    ကျိုက်မရောစံပယ်ဂူလမ်းဟောင်းပေါ် ဆိုင်ကယ်လုယက်ပြီး ကျောင်းဆရာမတစ်ဦးသေဆုံးမှု တရားခံ ၃ ဦး ဖမ်းဆီးရမိထားပြီဟု ခရိုင်ရဲမှူးပြော

    -


    မွန်သတင်းအေဂျင်စီ(၂၇ သြဂုတ် ၂၀၂၁)

    ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ကျိုက်မရောမြို့နယ် စံပယ်ဂူလမ်းဟောင်း မာကာလာတံတားပေါ်တွင် ဆိုင်ကယ်လုယက်ပြီး ကျောင်းဆရာမတစ်ဦးသေဆုံးခဲ့မှုအတွက် ပြစ်မှုကျူးလွန်သူ တရားခံ ၃ ဦးအား ဖမ်းဆီးရမိထားပြီဟု မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးက မွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

    မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးအောင်က “တရားခံတွေထွက်ဆိုချက်အရ တံတားပေါ်မှာ ဆရာမဆိုင်ကယ်ကို သူတို့တားတယ်၊ ဆိုင်ကယ်လုတော့ ဆရာမလီဗာတင်ပြီး မောင်းပြေးဖို့လုပ်တော့ အဲဒီမှာ ဆရာမ ချောင်းထဲပြုတ်ကျသွားတယ်၊ မာကာလာချောင်းထဲပြုတ်ကျတဲ့အခါကျတော့ ဆရာမပြန်မပေါ်တော့ဘူး၊ အဲဒီဆိုင်ကယ် သူတို့ယူသွားတယ်လို့ ထွက်ဆိုခဲ့တယ်” ဟု ဆိုသည်။

    မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက် နေထိုင်သူ ဇော်မင်းစိုး ခေါ် အစွယ် (၂၇) နှစ်၊ သက်ထူး ခေါ် အငယ်လေး (၃၅) နှစ်၊ စိုးကိုဦး (၂၈) နှစ်တို့ (၃) ဦးအား မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့ရုံးက အမှုအမှတ် ပ- ၅၂/၂၁၊ ပုဒ်မ ၃၉၂/၃၀၂/၃၄ လုယက်မှု၊ လူသတ်မှု၊ ကြိုတင်ကြံစည်မှုတို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

    “သက်သေခံပစ္စည်း ဒီဆိုင်ကယ်ကို ကျနော်တို့လိုက်စုံစမ်းတာပေါ့၊ အခင်းဖြစ်သက်သေခံဆိုင်ကယ်သည် ဇာသပြင်ဘက်အခြမ်း ဘားအံ ကရင်ပြည်နယ်ဖက်မှာ လူတစ်ယောက်က ဝယ်ထားတယ်ဆိုတာကို ကျနော်တို့သတင်းရတယ်၊ ကျနော်တို့ဆီက ရဲအုပ်နဲ့အဖွဲ့ သွားရောက်စုံစမ်းတဲ့အခါ ဆိုင်ကယ်စာအုပ်နဲ့တိုက်ဆိုင်စစ်ဆေးတော့ အခင်းဖြစ် ဆရာမစီးလာတဲ့ဆိုင်ကယ်ဖြစ်နေတယ်၊ အဲဒီကနေပြီး မုတ္တမမှာ ဘယ်သူ့ဆီက ဝယ်ထားပါတယ်ဆိုပြီး ခြေရာခံမိတာပဲ” ဟု ရဲမှူးကြီးက ဆက်ပြောသည်။

    ပြစ်မှုကျူးလွန်သူအနက် အစွယ်နဲ့ အငယ်လေးတို့အား သြဂုတ်လ ၄ ရက်နေ့တွင် WY စိတ်ကြွဆေးပြားအမှုဖြင့် ဇေယျာသီရိရဲစခန်းတွင် ဖမ်းဆီးရမိထားပြီး ခြေရာခံဖော်ထုတ်ချက်များနှင့် စစ်ဆေးမေးမြန်းခဲ့ရာ ၄င်းတို့မှ ဝန်ခံထွက်ဆိုလာခြင်းဖြစ်ကြောင်း ရဲမှူးကြီးက ဆိုသည်။  

    မုဒုံမြို့၊ မုဒုံကြီးရပ်ကွက်၌ နေထိုင်သူ ကျောင်းဆရာမ မပွင့်သဇင်ဦး အသက် (၂၆) နှစ်သည် ဇူလိုင် ၈ ရက်နေ့လယ်ပိုင်းအချိန်က ၎င်းတာဝန်ကျရာ ကျိုက်မရောမြို့နယ် အံကရဲကျေးရွာစာသင်ကျောင်းသို့ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် တစ်ဦးတည်းလာရောက်စဉ် အဆိုပါတရားခံ ၃ ဦးတို့မှ ဆိုင်ကယ်လုယက်မှုအခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် မာကာလာချောင်းထဲ၌ ဆရာမ၏ ခန္ဓာကိုယ်အတွင်းအပြင်၌ မည်သည့်ဒဏ်ရာဒဏ်ချက်မျှမတွေ့ရှိခဲ့ရဘဲ အသက်သေဆုံးလျှက် ရှာဖွေ၍ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

    “မာကာလာတံတားအနီးမှာ ဆရာမတွေသုံးတဲ့ ဆွဲခြင်းနဲ့ထမင်းချိုင့်ကို တံတားပေါ်မှာတွေ့တာ။ အဲ့ဒါနဲ့ ကျနော်တို့အဖွဲ့တွေရှာဖွေရေးလုပ်ငန်းတွေလုပ်တာပေါ့၊ ညပိုင်းမှာမတွေ့သေးဘူး၊ နောက်တစ်နေ့မနက် ၈ နာရီလောက်မှာ အဲ့ဒီမာကာလာတံတားအနီး မလှမ်းမကမ်းမှာပဲ သေဆုံးလျက်တွေ့ခဲ့ရတာပါ”ဟု ကျိုက်မရောမြို့လူငယ်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ထို့အတူ သေဆုံးသူ ဆရာမ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့် ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများသည်လည်း ပျောက်ဆုံးလျက်ရှိသည်။

    စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်ရှိကာလအထိဖြစ်ပေါ်ခဲ့သော လူသေမှု၊ လူသတ်မှုဖြစ်စဥ်များအနက် ယခုဖြစ်စဥ်တွင် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှ ပထမဆုံး တရားခံစတင်ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

    -ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားသူ ၃ ဦး (လင်းထွန်း)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts