spot_img
Sunday, May 19, 2024
More
    spot_img
    Homeငြိမ်းချမ်းရေး“ဒီအခြေအနေမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ လုံးဝမဖြစ်နိုင်ဘူး” ပဒိုစောတောနီး KNU နိုင်ငံခြားရေး တာဝန်ခံ

    “ဒီအခြေအနေမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ လုံးဝမဖြစ်နိုင်ဘူး” ပဒိုစောတောနီး KNU နိုင်ငံခြားရေး တာဝန်ခံ

    -

    မွန်သတင်းအေဂျင်စီ (၂၇ သြဂုတ် ၂၀၂၁)

    မေး။    လက်ရှိ KNU ထိန်းချုပ်ဒေသမှာ တိုက်ပွဲအခြေအနေဘယ်လိုရှိနေလဲ။

    ဖြေ။     တပ်မဟာ (၆) ဘက်မှာတော့ မနေ့တစ်နေ့ ဟိုးတနေ့ ၂၄ က အထိဖြစ်တယ်လေ။ နှစ်ရက်လားမသိဘူး။ ဆက်ဖြစ်တာ။ ၂၅ ရက်နေ့ကတော့ ဘာအသံမှ မကြားရဘူး။

    မေး။    ခုနောက်ပိုင်း KNU တပ်မဟာတော်တော်များများမှာ စစ်တပ်က အင်အားတိုးချဲ့လာတာတွေ့တယ်။ ထောက်လှမ်းတာတွေတွေ့တယ် တိုက်ပွဲတွေ ဖြစ်လာနိုင်လား။

    ဖြေ။     အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတာကတော့ အရင်ရှိထားတဲ့ Bilateral အတိုင်းဆိုရင်တော့ သူ့ဖက်က သတ်မှတ်တာတွေ ကိုယ့်ဘက်က သတ်မှတ်တာတွေရှိတယ်။ ဒါကလည်း တရားဝင် Formal တော့ မဟုတ်ဘူး။ သို့သော် Informal နဲ့ သတ်မှတ်တာဖြစ်တယ်။ အဲလို ပါးစပ်နဲ့ ပြောထားတာရှိတယ်။ အဲဒီပြောထားတဲ့ဟာကိုကျော်ရင် ပစ်မှာပဲ။ နဂိုကတည်းက ရှိထားပြီးသား။ နောက်ပြီး‌တော့ ကျနော်တို့မှာ ဗဟိုဆုံးဖြတ်ချက်လည်း ရှိပြီးသား မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်။ အစွမ်းကုန် ခုခံကာကွယ်ပိုင်ခွင့်ဆိုတာလည်း ရှိသားပြီးသား။ ပြောထားတဲ့နေရာတွေ ကျွံလာပြီဆိုရင် ပစ်တော့မှာဘဲ။ ဒါသူတို့အပေါ်မှာလည်း မူတည်တယ်လေ။ ဒီထက်ပိုပြီး မကျွံဘူးဆိုရင် ဖြစ်ဖို့ကလည်း နည်းပါတယ်။ ဘာလို့လည်းဆိုတော့ သူ့လမ်းကြောင်းနဲ့ သူသွားနေကြတာလေ။ အထူးသဖြင့် တပ်မဟာ (၆)တို့ (၇)တို့ ပစ်နေတာပဲ။ တခြားနေရာလည်း အဲလိုပဲလေ ပြောထားတဲ့နေရာ ကျွံတဲ့ဟာတွေ ပစ်တာအကောင်းဆုံးပဲ။

    မေး။    ပြီးခဲ့တဲ့ ရက်ပိုင်းက NUG အနေနဲ့ D Day ဆိုတဲ့ အသံပြောလာတယ် အဲတာကြောင့် စစ်တပ်က အင်အားတွေ တိုးချဲ့လာတာ၊ လုပ်ဆောင်လာတာလို့ ယူဆလားဆရာ။

    ဖြေ။     ဒီဟာတွေနဲ့ ပတ်သက်ပြီး ယတိပြတ်တော့ ပြောလို့မရဘူး။ စစ်ရေးစစ်ရာကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ အဲလိုပြောဆိုခဲတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ရေး၊ စစ်ရာကိစ္စက တော်တော်တန်တန်မပြောဘူး။ ပြောဖို့လည်း မလိုဘူး။ လုပ်စရာရှိတာ ကျနော်တို့ ကြိတ်ပြီးလုပ်နေကြတာ သိတဲ့အတိုင်းပဲလေ။ ဒါကတော့ ကျနော်တို့လည်း ကြားရပါတယ်။ ဒီအွန်လိုင်းပေါ်မှာ ကြားရတယ်။ ဒါကတော့ ထွေထွေထူးထူးပြောစရာတော့ မလိုဘူး။ ကျနော်တို့ အပိုင်းကတော့ အထူးသဖြင့် စစ်ရေး၊ စစ်ရာကိစ္စနဲ့ ပတ်သက်ပြီး တော်တော်လေး ပြောခဲတယ်လေ။

    မေး။    ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ KIO က စစ်ပွဲတွေ ရှောင်ပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးဖို့ ထုတ်ပြန်ထားတာ ဆရာတို့လည်း တွေ့ပြီးထင်ပါတယ်။ ဒီအပေါ်မှာ ဆရာတို့ ဘယ်လိုမြင်လဲ။ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်တွေရှိလား။

    ဖြေ။     ကျနော်တို့ KNU အနေနဲ့ပဲ ပြောပါမယ်။ အထူးသဖြင့် စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲကလည်း အကောင်းဆုံးကြိုးစားခဲ့တယ်။ အခက်အခဲဘယ်လောက်ပဲရှိရှိ။ ဘယ်လောက်ပဲ ကန့်လန့်ကန့်လန့်လုပ် ကျနော်တို့က ဒီဟာကို မပျက်အောင်ထိန်းပြီး လုပ်နေတာလည်း ကျနော်တို့ တစ်ပြည်လုံးပစ်ခတ်ရပ်စဲလုပ်ပြီးကတည်းက ဒီနိုင်ငံရေးဆွေးနွေးပွဲနဲ့ ဖြစ်ပေါ်လာဖို့အတွက် မျော်မှန်းပြီးလုပ်တာပဲလေ။ အပစ်အခတ်ရပ်စဲရုံတင်မဟုတ်ဘူး။ ဒါပေမယ့် ပြဿနာက ဘာသွားတွေ့လည်းဆိုတော့ နိုင်ငံရေးကိစ္စမှာ ပြဿနာရှိတယ်။ စစ်ဘက်ဆိုင်ရာ ပြဿနာ၊ အထူးသဖြင့် ပစ်ခတ်ရပ်စဲရေးကို ထိန်းဖို့ နောက် ကျနော်တို့အတွက် အရမ်းကိုအရေးကြီးတဲ့ ကြားကာလ စီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီး ဘာမှ အကောင်အထည်မဖော်နိုင်ဘူး။ အထူးသဖြင့် စစ်တပ်ပဲ။ တောက်လျှောက်ဘဲ ဖျက်လိုဖျက်စီးလုပ်တဲ့ အပေါ်မှာ ကျနော်တို့က ဒါကတော့ ဘယ်လောက်ဘဲ ကြိုးစားကြိုးစား နောက်ဆုံးကြတော့ စစ်အာဏာသိမ်းတာနဲ့ပဲ အဆုံးသတ်သွားတယ်လေ။ စစ်အာဏာသိမ်းပြီးကတည်းကိုက တွေ့ဆုံဆွေးနွေးပွဲကို ဖျက်ဆီးလိုက်တာပဲ ဒါရှင်းရှင်းလေး။ အဲတာကြောင့်မို့ ကျနော်တို့ဘက်ကတော့ ဒီလိုဟာမျိုးကို ဘယ်လိုမှ လက်ခံလို့မရတဲ့အပေါ်မှာ ထုတ်ပြန်ကြေညာချက်ထုတ်တယ်။ ကျနော်တို့ မူဝါဒသဘောထား၊ ရပ်တည်ချက်ကိုလည်း သေသေချာချာရှင်းရှင်းလင်းထုတ်ပြတယ်။ ထုတ်ပြန်တဲ့အတိုင်းလည်း ဒီစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူတွေအပေါ်မှာလည်း ဘယ်လိုဘဲ ဖြစ်ဖြစ် လူသားချင်းစာနာထောက်ထားမှုအရ နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့လည်း အကျုံးဝင်တဲ့ဟာတွေ ဖြစ်တဲ့အတွက် ကျနော်တို့က သူတို့ကိုလည်း လက်ခံတယ်။ လက်ခံတာ ဖြစ်တဲ့အတွက် နည်းနည်းနောနောဦးရေတွေမဟုတ်ပါဘူး။ ဒါလည်း သိပြီးသားပါ။ အခုထိလည်း လက်ခံတယ်။ ဘယ်လောက်ပဲ ဝန်ထုပ်ဝန်ပိုးရှိပါစေ ကျနော်တို့ လုပ်တယ်။ တတ်နိုင်တဲ့ဘက်က ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေ လုပ်တယ်။ ဆိုတော့ ကျနော်တို့ အပိုင်းကတော့ ဘယ်ပြောရမလဲဆိုတော့ နောက်ပြီးတော့ မတ်လ ၂ ရက်နေ့မှာ ကျနော်တို့ KNU ဘက်က စာပို့ထားတာလည်းရှိတယ်။ တွေ့ဆုံဆွေးနွေးပွဲက ဒီလိုကာလမျိုးမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဓိက ဘာလုပ်ရမလဲဆိုတော့ ဒီအကြမ်းဖက်မှုကို ရပ်ပစ်ဖို့ ပြည်သူလူထုကို မတရားသတ်ဖြတ်တာတွေ ရပ်ပစ်ဖို့ပဲ။ နောက်ပြီး‌တော့ တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး‌တော့ ဒါမျိုးလုပ်ချင်တယ်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှု ဖြစ်နိုင်တဲ့ဟာကိုတော့ အတတ်နိုင်ဆုံးကြိုးစားရမှာပေါ့ဗျာ။ တစ်ဖက်ကနေ ဒီကာလအတွင်းမှာပဲ သူတို့လည်းပြောနေတာပဲ အပစ်အခတ်ရပ်စဲရေး ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးပြောတဲ့ တစ်ချိန်ထဲမှာပဲ ကျနော်တို့ဆီ ထိုးတက်လာတာပဲလေ။ အဲတာမျိုးကို ဘယ်လိုမှ ယုံလို့မရဘူး။ ဒီအခြေအနေမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဖြစ်နိုင်တဲ့ အကြောင်းအရာတစ်ခုမဟုတ်ဘူး။ ဒါကတော့ ကျနော်တို့ လုပ်စရာရှိတာ လုပ်သွားမှာပဲ။ ခုနမေးခွန်းနဲ့ ပတ်သက်ပြီး KIO ကနေပြီးတော့ ကျနော်တို့ကလည်း သတင်းအရပဲ ကြည့်ရတာပါ။ အတွင်းကျ ကျနော်တို့လည်း ဘယ်လိုသိရမလဲ။ သတင်းအရတစ်ခုကြည့်ရတာ‌တော့ ပြီးခဲ့တဲ့ ကချင်အာဇာနည်နေ့မှာလည်း KIO ဗိုလ်ချုပ်ကလည်းပြောတယ်။ သူတို့အပြတ်ချတော့မယ်ဆိုတော့ ကျနော်လည်းတွေ့မိပါတယ်။ ဒါပေမယ့် ဩဂုတ်လ ဘယ်နှစ်ရက်မှာလည်း ဒီလိုကြေညာမျိုးက ထွက်ပေါ်လာတော့ ဒါကတော့ ပြောလို့မရဘူးလေ အဖွဲ့တစ်ဖွဲ့ချင်းစီက လုပ်သင့်လုပ်ထိုက်တဲ့ဟာပဲ ကျနော်တို့ ပြောလို့မရဘူး။ သတင်းကလည်း ကျနော်တို့ မရပါဘူး။

    မေး။    KNU တပ်မဟာအလိုက် စစ်တပ်က အင်အားတိုးချဲ့လာတာနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောပေးပါဦးဆရာ။

    ဖြေ။     ဒါကတော့ ကောင်းတဲ့ ရလဒ်မဟုတ်ဘူးလေ။ ပြဿနာတစ်ခုကို ပြေလည်စေချင်တယ်ဆိုရင်တော့ အထူးသဖြင့် လူထုတွေအပေါ်မှာ စစ်အာဏာရှင်စနစ်က လုံးဝကို လက်ခံလို့ မရဘူး။ နှစ်ပေါင်းက ၆၀၊ ၇၀ လောက်ဖြစ်လာတဲ့ဟာ။ ဘယ်လိုအသွင်သဏ္ဍာန်မျိုးနဲ့ အာဏာရှင်စနစ်ဆိုတာမျိုးကို ပြောချင်တာပေါ့။ စစ်အာဏာရှင်မှ မဟုတ်ဘူး။ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေတဲ့ အာဏာရှင်ကို ကျနော်တို့ ဆန့်ကျင်တဲ့အခါမှာ ပြဿနာပြေလည်တဲ့ နည်းလမ်းတွေကို ပြောရမယ်ဆိုရင် ဒီလိုနည်းလမ်းတွေ သုံးကြတော့ ဒါကလည်း နှစ်ပေါင်း ၆၀၊ ၇၀ တုန်းက ဘာမှ ရလဒ်မထွက်ဘူးလေ။ အခုကလည်း နောက်ထက် စစ်ရေးစစ်ရာနဲ့ လာပြီးဖိအားပေးတာတွေ ရှိမယ်။ အမျိုးမျိုးဝေဖန်ကြတာပေါ့။ Generation Z တွေကို လက်ခံလို့ CDM တွေကို လက်ခံလို့ ဘာပဲပြောပြော ကျနော်တို့ ပြောချင်တာက ပြဿနာတစ်ခုကို တကယ်တမ်း အဖြေရှာချင်တယ်ဆိုရင် ဒါမျိုးလုပ်လို့မရဘူးလေ။ အဖြေရှာချင်တယ်ဆိုရင်တော့ နိုင်ငံရေးစိတ်ဆန္ဒရှိဖို့လိုတယ်လေ။ နိုင်ငံရေးစိတ်ဆန္ဒရှိသင့်တယ်ဆိုတာ မဖြစ်သင့်တဲ့ဟာတွေ မလုပ်တော့အောင်။ သတ်တာဖြတ်တာတွေ ကျနော်တို့ ပြောထားတယ်။ အဲသတ်တာဖြတ်တာတွေက မလုပ်တော့ဘူးဆိုတာက ကျနော်တို့ပြောထားတာ အဲတာကို အရင်ပြပါ။ အရင်မပြပဲနဲ့ စစ်ရေးစစ်ရာနဲ့ ထိုးတက်လာပြီး ကျနော်တို့ကတော့ ခုခံကာကွယ်ပိုင်ခွင့်ကတော့ ကျနော်တို့ နယ်မြေထဲရောက်လာပြီဆိုရင် ကျနော်တို့က‌တော့ လုပ်သင့်တာ လုပ်ရမှာပဲ။ ကျနော်တို့မှာလည်း တပ်ရှိတာပဲ။ တပ်ကလည်း တပ်ပိုင်းဆိုင်ရာကိစ္စတွေ သူလုပ်သွားမှာပဲ။ ကျနော်တို့ ဘာမှ ပြောစရာမလိုပါဘူး။ ကျတော်တို့ ပြောချင်တာက ပြဿနာတစ်ခု ပြေလည်ချင်တယ်ဆိုရင် ဒီလိုနည်းလမ်းမျိုးသုံးတာက ဘယ်လိုမှ အဖြေမထွက်ပါဘူး။ ကျနော်တို့အတွက် အဆင်လည်း မပြေပါဘူး။

    (ပြီး)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts