Saturday, March 15, 2025
spot_img
HomeCovid 19ကိုဗစ်ကာကွယ်ဆေးထိုးဖို့အခွင့်အရေးရမည်ဆိုပါက လက်လွတ်မခံကြဖို့ မွန်ပြည်သစ်ပါတီတိုက်တွန်း

ကိုဗစ်ကာကွယ်ဆေးထိုးဖို့အခွင့်အရေးရမည်ဆိုပါက လက်လွတ်မခံကြဖို့ မွန်ပြည်သစ်ပါတီတိုက်တွန်း

-

မွန်သတင်းအေဂျင်စီ (၂၅ သြဂုတ် ၂၀၂၁)

လက်ရှိကိုဗစ်ကပ်ရောဂါဖြစ်ပွားနေမှုကို အထူးဂရုပြုကြရန်နှင့် မွန်ပြည်သစ်နယ်မြေအတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အခွင့်အရေးရရှိခဲ့မည်ဆိုပါက လက်လွတ်မခံဘဲ မပျက်မကွက်ဆေးထိုးကြဖို့ တိုက်တွန်းကြောင်း မွန်ပြည်သစ်ပါတီ (ဗဟို) ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင် မင်းသူရဌေးက ပြောသည်။

ဗဟိုကော်မတီဝင်လည်းဖြစ်သည့် မင်းသူရဌေးက “မွန်ပြည်သစ်အနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေရဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကျနော်တို့ ကြိုးစားနေတုန်းပါပဲ၊ ဒီကြားမှာ အခွင့်အခါသင့်လို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့် ရရှိခဲ့မယ်ဆိုရင် သွားထိုးကြပါ၊ ကာကွယ်ဆေးထိုးမှသာ ဒီရောဂါကို ကျနော်တို့အနိုင်ရပါလိမ့်မယ်၊ ဘယ်သူမဆို ကာကွယ်ဆေးထိုးဖို့အခွင့်အရေးရခဲ့မယ်ဆိုရင် လက်လွတ်မခံကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဆိုသည်။         

မွန်ပြည်သစ်ပါတီ တပ်တည်ခွင့်ရနေရာများဖြစ်သော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ်အနီးရှိ ဝယ်ရက်ရွာ၊ ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်စခန်း၊ မော်လမြိုင်ခရိုင်အခြေစိုက်ရာ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာ၊ ထားဝယ်ခရိုင် ဝယ်ဇင်ကျေးရွာနှင့် ရေးချောင်းဖျားဒေသ ပနန်းပုံကျေးရွာများ၌ ကိုဗစ်ကုသရေး ယာယီဆေးရုံများဖွင့်လှစ်ထားရှိပြီဟု သိရသည်။

“လောလောဆယ် မော်လမြိုင် တောင်ပေါက်ဒေသမှာ ကိုဗစ်လူနာအများဆုံးတွေ့ရတယ် အရေအတွက် ၁၅၀ အထက်မှာရှိနေတယ်၊ အခုကျနော်တို့ဖွင့်လှစ်ထားတဲ့ဆေးရုံတွေမှာဆိုရင် ဆရာဝန်တစ်ဦး၊ သူနာပြုတစ်ဦးနဲ့ ကျနော်တို့ဆီက ဆေးမှူး ၅ ဦး၊ ကျန်တာက မွန်ကျန်းမာရေးအဖွဲ့ MMA နဲ့အားဖြည့်ထားပါတယ်၊ ပြည်သူများအနေနဲ့ အခုဖြစ်ပေါ်နေတဲ့ကပ်ရောဂါအပေါ် မပေါ့ဆကြဖို့နဲ့ အထူးဂရုပြုကြဖို့လိုပါတယ်၊ အစိုးရထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်တားဆီးရေး အမိန့်တွေကိုလိုက်နာဖို့လိုသလို မွန်ပြည်သစ်နယ်မြေမှာဆိုရင်လည်း မွန်ပြည်သစ်က ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ရေးစည်းမျဉ်း ဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်သွားဖို့လိုတယ်၊ ဒါမှလည်း ရောဂါကူးစက်ပြန့်ပွားမှုနှုန်း လျော့ကျလာပါလိမ့်မယ်” ဟု ဆိုသည်။

ထို့အတူ ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ လမ်းကြောင်းနှစ်ခုကနေ စီစဉ်နေတယ်လို့ အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဌ ဖဒိုမန်းမန်းက ယမန်နေ့တွင်ကျင်းပသည့် Online သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဖဒိုမန်းမန်းက “ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရဖို့ ကာကွယ်ဆေးစီးဆင်းမှု နှစ်ပိုင်းရှိပါတယ်။ တစ်လမ်းက Cross Border က ဖြစ်ပါတယ်။ ဒါကို တိုင်းရင်းသားလက်နက်ကိုင်တွေကကူညီပေးရမှာဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်က ဝင်လာမယ်ဆိုလည်း Third Party UN အေဂျင်စီက လက်ခံယူပေးရမှာဖြစ်ပါတယ်။ ထိုးနှံတဲ့အခါမှာလည်း UN အေဂျင်စီကပဲထိုးပေးရမှာပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပေးနိုင်ဖို့က အဖြေတွေနည်းလမ်းတွေ အများကြီး ရှာရဦးမှာဖြစ်ပါတယ်”ဟု ဆိုသည်။

သို့ရာတွင် တရုတ်နိုင်ငံထုတ်ဆေးအပါအဝင် မြန်မာနိုင်ငံကရနိုင်သည့် ကိုဗစ်ကာကွယ်ဆေးများ အာနိသင်ရှိမရှိ၊ အနောက်နိုင်ငံထုတ် ကာကွယ်ဆေးများကဲ့သို့ရောဂါကူးစက်မှုကို ကာကွယ်နိုင်မနိုင် မြန်မာပြည်သူများအကြား မေးခွန်းထုတ်နေကြပြီး ကာကွယ်ဆေး ထိုးသင့် မထိုးသင့် ဝေခွဲမရဖြစ်နေသူများရှိနေကြောင်း တွေ့ရသည်။

ကိုဗစ်ကာကွယ်ဆေးအကြောင်း သိကောင်းစရာနှင့် ပတ်သက်၍ ဘီဘီစီ၏ Health Matters အစီအစဉ်တခုတွင် UK နိုင်ငံ ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒဆရာဝန် ဒေါက်တာ စုစုထွေးက “ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်သလားဆိုရင် လိုအပ်တယ်လို့ပဲ ဖြေပါရစေ။ အဓိက အကြောင်းရင်းကတော့ ကိုဗစ် ကာကွယ်ဆေး ထိုးခြင်းအားဖြင့် ကာကွယ်ဆေး ထိုးတဲ့သူအတွက် ရောဂါ မဖြစ်အောင် ကာကွယ်ဆေး တော်တော်များများနီးပါးက ရာခိုင်နှုန်း တော်တော်များများ ကာကွယ်ပေးတယ်၊ နောက်ပြီးတော့ ပြင်းထန်တဲ့ ကိုဗစ်ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးတယ်၊ ပြီးတော့ ဆေးရုံတက်ရလောက်တဲ့အထိ ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါး ရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်။ နောက် ကိုယ့်ကို ကာကွယ်တဲ့ အတွက်ကြောင့် ကိုယ့်အနားမှာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ထိလွယ်ရှလွယ်တဲ့ သူတွေ၊ ရောဂါ အခံ ရှိတဲ့သူတွေကိုလည်းပဲ ကိုယ့်ဆီကနေတဆင့် ကိုဗစ်ရောဂါ မရောက်အောင် မကူးအောင် ကာကွယ်တဲ့ အတွက် ကိုဗစ်ကာကွယ်ဆေး ထိုးသင့်သလားဆိုရင် ထိုးသင့်တယ်လို့ ပြောပါရစေ” ဟု ဆိုသည်။

လက်ရှိ နစက အိမ်စောင့်အစိုးရသည် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်အထက် လူဦးရေ ၃၈ ဒသမ ၃ သန်း၏ ထက်ဝက် ရာခိုင်နှုန်း ၅၀ (သန်း ၂၀ ခန့်) ကို ယခုနှစ် ၂၀၂၁ ခုနှစ်မကုန်မီတွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ရည်မှန်းထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

-မွန်ပြည်သစ်ပါတီ ထိန်းချုပ်ခွင့်ရဧရိယာရှိ ကိုဗစ်ထိန်းချုပ်ရေးဖြတ်သန်းဂိတ်စခန်းနေရာ (NMS)

ဆက်စပ်သတင်း

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
33,400SubscribersSubscribe
spot_img

Latest posts