spot_img
Wednesday, February 18, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနိုင်ငံရေးပါတီများ၏ ငွေစာရင်းစစ်ဆေးမည့်ကိစ္စ ပိုင်ဆိုင်မှုတစုံတရာမရှိသည့် MUP အတွက် ပြဿနာမရှိဟုဆို

    နိုင်ငံရေးပါတီများ၏ ငွေစာရင်းစစ်ဆေးမည့်ကိစ္စ ပိုင်ဆိုင်မှုတစုံတရာမရှိသည့် MUP အတွက် ပြဿနာမရှိဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၁၄ သြဂုတ်-၂၀၂၁)

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီများ၏ ငွေစာရင်းစစ်ဆေးမည့်ကိစ္စတွင် ပိုင်ဆိုင်မှုတစုံတရာမရှိသည့် မွန်ညီညွတ်ရေးပါတီ MUP အတွက် ပြဿနာမရှိဟု ပြောခွင့်ရပုဂ္ဂိုလ် CEC နိုင်တလညီက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ၏ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ဆောက်ရွက်ထားမှုများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ဩဂုတ် ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းသည်။

    “တခြားပါတီတော့ မသိဘူး ကျနော်တို့ ပါတီမှာတော့ အခက်အခဲတော့ မရှိဘူးပေါ့။ ဘာလို့လည်းဆိုတော့ ပိုင်ဆိုင်မှု ပစ္စည်းဆိုတာလည်း ဘာတစ်ခုမှလည်း မရှိဘူးလေ။ ကျနော်တို့ ပါတီဝင်ဆိုရင်လည်း ပါတီမှာက ပါတီရန်ပုံငွေမှအပ ပါတီဝင်ကြေးမထည့်ရဘူးလေ။ ပါတီ CEC နဲ့ ပါတီ ဗဟိုလောက်ဘဲ ရန်ပုံငွေထည့်ရတာလေ။ စာရင်းကလည်း ကျနော်တို့မှာ တစ်လမှာ ဆယ်ဂဏန်းလောက်ပဲ ရှိတာ” ဟု နိုင်တလညီက ဆိုသည်။

    လက်ရှိ ကိုဗစ် – ၁၉ ကာလတွင် ပါတီရန်ပုံငွေသုံးစွဲမှု မရှိသလောက်ဖြစ်နေပြီး ပါတီရန်ပုံငွေထည့်ဝင်ရခြင်းလည်း မရှိခြင်းကြောင်း၊ ထို့ကြောင့် စာရင်းဇယားများသည်လည်း အဆင်သင့်ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

    သို့ရာတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အနေဖြင့် ရွေးကောက်ပွဲကာလမှာလည်း ကိုဗစ် – ၁၉ နှင့် လူစုလူဝေး မလုပ်ရဘဲ ကျင်းပခဲ့ရကြောင်း၊ လက်ရှိမှာလည်း ရုံးများ ပိတ်ထားရသည်မှာ ကြာနေပြီဖြစ်ကြောင်း၊ ယင်းကဲ့သို့အခက်အခဲကာလတွင် စာရင်းစစ်မည်ဆိုသည်မှာ နိုင်ငံရေးပါတီများအတွက် ဒုက္ခပေးသလို ဖြစ်နေကြောင်း အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ဆိုသည်။  

    “ရွေးကောက်ပွဲကိစ္စမှာပဲ ကိုဗစ် – ၁၉ နဲ့ လူစုလူဝေးကို လုပ်ချင်သလိုလုပ်လို့မရဘူးပေါ့နော်။ အဲနောက်ပိုင်းလည်း ဆက်တိုက်ပဲ သိုသိုသိပ်သိပ်နဲ့ လုပ်ရတယ်။ လူစုလူဝေး မလုပ်ရဘဲနဲ့ ရုံးဆိုလည်း ပိတ်ထားရတာ နှစ်ချီကြာပြီဗျာ။ ဒီလိုမျိုးအခက်အခဲကာလမှ စာရင်းစစ်မယ်ဆိုလို့ ပြောတဲ့ကိစ္စက နိုင်ငံရေးပါတီတွေကို သက်သက်ဒုက္ခပေးသလိုမျိုးဖြစ်တယ်။ နိုင်ငံရေးပါတီတော်တော်များများက ရုံးမဖွင့်နိုင်ကြပါဘူး။ အဲတော့ ငွေကြေးကအစ ကိစ္စတော်တော်များများကို သူတို့ လိုချင်တဲ့ ပုံစံတိုင်းအဆင်သင့်မဖြစ်နိုင်ဘူးလို့ ပြောချင်ပါတယ်” ဟု စိုင်းလိတ်က ပြောသည်။

     နိုင်ငံရေးအခြေအနေတည်ငြိမ်သွားပြီး လူထုကိုယ်တိုင် ရွေးကောက်ပွဲအပေါ် ယုံကြည်သက်ဝင်လာသည့် အခြေအနေတွင် လုပ်သင့်ကြောင်း၊ သို့သော်လည်း လက်ရှိတွင် နိုင်ငံရေးအခြေအနေ ပြောင်းပြန်ဖြစ်နေကြောင်း စိုင်းလိတ်က ဆိုသည်။

    ထို့အတူ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ကိုဗစ် – ၁၉ ကာလအတွင် အကြပ်အတည်းနှင့် စိတ်ဒုက္ခရောက်နေသည့်အချိန်တွင် ယခုကဲ့သို့ ညွန်ကြားချက်ထွက်ခြင်းမှာ သဘာဝမကျဟု ဆိုသည်။

    “ကိုဗစ် – ၁၉ ကာလအတွင်း အကြပ်အတည်းနဲ့ စိတ်ဒုက္ခရောက်နေတဲ့အချိန်မှာ အဲလို ညွန်ကြားချက်တွေ ထွက်လာတာကတော့ သိပ်သဘာဝမကျဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေက ကျန်းမာရေးကို ဂရုစိုက်ရမယ့်အချိန် ကျန်းမာရေးကို ပိုပြီးဦးစားပေးရမယ့်အချိန်မှာ နိုင်ငံရေးပါတီတွေကို ဒီလိုပုံစံမျိုး ညွန်ကြားချက်တွေပေးတယ်ဆိုတော့ ဒီမှာက ကိုဗစ်နဲ့ လုပ်ကိုင်ဖို့အခွင့်လမ်းမသာတဲ့အချိန်၊ ကိုယ့်အိမ်မှာကိုယ်နေရမယ့်အချိန် ဒီလိုကာလမှာ ညွန်ကြားချက်တွေ ထုတ်တာ သိပ်တော့ သဘာဝမကျဘူး” ဟု ဦးသာထွန်းလှက ပြောသည်။

    တစ်နိုင်ငံလုံး ကိုဗစ်ကာလနှင့် အလုပ်အကိုင် အဆင်မပြေသည့် ကာလတွင် UEC အနေဖြင့် ပါတီရန်ပုံငွေ၊  ငွေ ကြေး စစ်ဆေးမည်မှာ မလုပ်သင့်သည့် ကိစ္စရပ်ဟု ၎င်းက ဆိုသည်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မှ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တို့သည် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၏ အကူအညီကို ရယူ၍ နိုင်ငံရေးပါတီများ၏ ပါတီပိုင် ရန်ပုံငွေ၊ ငွေးကြေး၊ ပစ္စည်းစာရင်းများကို မကြာမီ စစ်ဆေးသွားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks