Homeငြိမ်းချမ်းရေးအစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံး

အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံး

-

မွန်သတင်းအေဂျင်စီ (၁၇ သြဂုတ် ၂၀၂၁)

ရေးမြို့နယ် အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကို အသက် (၅၁) နှစ်သည် ၄င်း၏ဥယာဥ်ခြံသို့ သွားသည့်ကားလမ်းဘေး၌ ယမန်နေ့ ညနေပိုင်းက ထိုးသွင်းဒဏ်ရာဖြင့် လဲကျလျက်တွေ့ရှိရပြီး ရေးမြို့ဆေးရုံကြီးအရောက်တွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။  

အစင်ကျေးရွာ ဝယ်ပွဲ-ဖယ်ဝီးရပ်ကွက် ကားလမ်းဘေး၌ ဦးကိုကို၏ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက် ပက်လက်လှန်လဲကျလျက် သွားရောက်ကြည့်ရှုခဲ့သည့် ဇနီးဖြစ်သူ ဒေါ်မိုးမိုးဝင်း တွေ့ရှိခဲ့ရပြီး အလုပ်သမားများနှင့်အတူ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က “သူက ဖယ်ဝီး ခြံကနေ ညနေ ၅ နာရီလောက် လမ်းမှာ အထိုးခံရပြီး သတိလစ် လဲကျနေတယ်၊ လမ်းမှာတွေ့တဲ့လူက လာပြောပြတယ်၊ တရားခံစုံစမ်းဆဲပဲ မျက်မြင်သက်သေလည်း မပေါ်သေးဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အခင်းမဖြစ်ပွားမီ နာရီပိုင်းအလိုတွင် ၄င်း၏ဥယျာဉ်ခြံသို့ ဆိုင်ကယ်ဖြင့်တစ်ဦးတည်းထွက်ခွာသွားခဲ့ရာမှ ယင်းသို့ လက်သည်မပေါ် လုပ်ကြံခံ သေဆုံးရခြင်းဖြစ်ကြောင်း အစင်ကျေးရွာသားတစ်ဦးက ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရေးမြို့မရဲစခန်း၏ (ပ)၈၄/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ အရ သေဆုံးသူဇနီးမှ အမှုဖွင့်လှစ်၍ ရေးမြို့မရဲစခန်းမှူးက စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

အလားတူ အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ USDP အလုပ်အမှုဆောင် ဦးမောင်အုန်း နေအိမ်အတွင်းသို့ ဇူလိုင် ၂၉ ရက် ညဦးပိုင်းအချိန်က အမည်မသိလူ ၂ ဦးမှ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့သဖြင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်သို့ ပို့ဆောင်ခဲ့ရသည်။

ပင်လယ်တံငါလုပ်ငန်း အဓိကလုပ်ကိုင်ကြသည့် အစင်ကျေးရွာတွင် ရပ်ဝေးမှ ရွှေ့ပြောင်းလာရောက်နေထိုင်သူ ဗမာတိုင်းရင်းသားအများစုနေထိုင်လျက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့ ၂၀၂၀ ရွေးကောက်တွင် အဓိက ယှဥ်ပြိုင်ခဲ့သည့် ကျေးရွာအုပ်စုတစ်ခု ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts