HomeCovid 19တရုတ်နိုင်ငံမှ ဝယ်ယူမှုဆက်လက်ရပ်ဆိုင်းထားပါက မွန်ပြည်နယ်ငါးလုပ်ငန်းများ ပိတ်သိမ်းရမည့် အခြေအနေကြုံတွေ့လာနိုင်

တရုတ်နိုင်ငံမှ ဝယ်ယူမှုဆက်လက်ရပ်ဆိုင်းထားပါက မွန်ပြည်နယ်ငါးလုပ်ငန်းများ ပိတ်သိမ်းရမည့် အခြေအနေကြုံတွေ့လာနိုင်

-


မွန်သတင်းအေဂျင်စီ (၂၀၂၁ ဩဂုတ် ၁၁)

မြန်မာ့ထွက်ကုန်ငါးများကို တရုတ်နိုင်ငံမှ ဝယ်ယူမှု ဆက်လက်ရပ်ဆိုင်းထားမည်ဆိုပါက မွန်ပြည်နယ်ထွက် ငါးလုပ်ငန်းများ ပိတ်သိမ်းရမည့် အခြေအနေနှင့် ကြုံတွေ့လာနိုင်ကြောင်း ပြည်နယ်ငါးလုပ်ငန်းအဖွဲ့မှ သိရသည်။

ငါးများကို တရုတ်နိုင်ငံမှ အဓိက ဝယ်ယူနေသော်လည်း လက်ရှိတွင် ကိုဗစ်တတိယလှိုင်း ဖြစ်ပွားနေသောကြောင့် ဝယ်ယူမှုကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ငါးလုပ်ငန်းပြန်ဖွင့်ရာသီဖြစ်ပြီး ငါးဈေးကောင်းသော လဖြစ်သော်လည်း ဩဂုတ်လကုန်ထိ ပြည်ပဝယ်ယူမှု မရှိပါက လုပ်ငန်းများ ပိတ်သိမ်းရမည်ဖြစ်ကြောင်း ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။

“ဒီလိုအနေအထားတိုင်းသွားမယ်ဆို ရေရှည်မှာ တောင့်ခံဖို့က တော်တော်အခက်အခဲဖြစ်မယ်။ အခုက ငါးဈေးကောင်းတဲ့ လဖြစ်တော့ တစ်လ နှစ်လမှာ ငါးဈေးလျော့သွားတာနဲ့ စရိတ်က တအားကြီးတယ်လေ။ အင်အားတက်နိုင်သူပဲကျန်မယ်။ အင်အားတော်ရုံတန်ရုံနည်းတဲ့သူတွေဆို ပြုတ်ဖို့ရှိတယ်”ဟု ဦးမြင့်စိုးက ပြောသည်။

ပြည်တွင်းဈေးကွက်တွင်လည်း ငါးဈေးများ ဆက်လက်ကျဆင်းနေပြီး ပြည်ပ ဝယ်ယူမှု ဆက်လက်ရပ်ဆိုင်းထားပါက လုပ်ငန်းရှင်များအတွက် ငွေကြေးခက်ခဲလာမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ထို့အတူ တရုတ်နိုင်ငံမှ ငါးဝယ်ယူမှု ရပ်ဆိုင်းထားသည်မှာ ၆ လကျော်နေပြီဖြစ်ကြောင်း မော်လမြိုင် ကျောက်မီးသွေးဈေးမှ ငါးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“ပြည်တွင်းမှာလည်း ငါးဈေးက ဘာမှ မရဘူး။ ရောင်းနေတယ်ဆိုရုံပဲ ရှိတယ်။ တစ်နေ့နဲ့ တစ်နေ့က ဈေးလည်းမရဘူး။ တရုတ်ဘက်ကလည်း အဝယ်ပိတ်ထားတော့ ငွေကြေးလည်ပတ်ဖို့က တကယ်ခက်ခဲတယ်။ တစ်ချို့လုပ်ငန်းတွေဆို ပိတ်ကုန်ပြီ”ဟု ၎င်းက ပြောသည်။

အရင်းအနှီးထုတ်နိုင်သူများသာ တောင်ခံနိုင်သည့်အခြေအနေဖြစ်ပြီး ငွေကြေးအင်အားနည်းသည့် လုပ်ငန်းများမှာ ပိတ်သိမ်းကုန်ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်းက ထွက်ရှိသော ငါးများကို တရုတ်ကုမ္ပဏီများက ယခင်ထက် ဈေးနှစ်ဆနှိမ်ကာ ဝယ်ယူနေသည်ဖြစ်ရာ မော်လမြိုင်ကုန်စည်ဒိုင်၏ ဩဂုတ်လ ၁၁  ရက် ထုတ်ပြန်ချက် ဈေးနှုန်းများအရ ငါးပုတ်သင် တစ်ပိဿာ ၅၀၀၀ကျပ်၊ ငါးပုဏ္ဏား (ဥ) တစ်ပိဿာ ၁၁၀၀၀ကျပ်၊ ငါးပုဏ္ဏာ (အထီး) တစ်ပိဿာ ၆၀၀၀ကျပ်၊ ငါးကွမ်းရှပ် (အကြီး) တစ်ပိဿာ ၉၀၀၀ကျပ်၊ (အလတ်) တစ်ပိဿာ ၇၀၀၀ကျပ်၊ (အသေး) တစ်ပိဿာ ၆၅၀၀ကျပ် နှင့် ငါးပျက် (အကြီး)  ၄၅၀၀ကျပ်၊ (အလတ်) ၃၀၀၀ကျပ်၊ (အသေး) ၂၅၀၀ကျပ် ရောင်းဈေးရှိကြောင်း သိရသည်။

မွန်ပြည်နယ် ရေပိုင်နက်ရှိ ကျားဖောင်ငါးဖမ်းလုပ်ငန်း (ဓာတ်ပုံ-ဉာဏ်စိုးဝင်း)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts