HomeCovid 19မွန်ဒေသလုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ်ဘေးကာကွယ်ထောက်ပံ့ရေးကော်မတီက အောက်စီဂျင်စက်ရုံအတွက် ကနဦးစရံငွေပေးချေ

မွန်ဒေသလုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ်ဘေးကာကွယ်ထောက်ပံ့ရေးကော်မတီက အောက်စီဂျင်စက်ရုံအတွက် ကနဦးစရံငွေပေးချေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဩဂုတ် ၉)

မွန်လူမှုရေးအသင်းအဖွဲ့ ၉ ခု ပူးပေါင်းဖွဲ့စည်းထားသော မွန်ဒေသလုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ်ဘေးကာကွယ်ထောက်ပံ့ရေး ကော်မတီက အောက်စီဂျင်စက်ရုံတစ်ရုံတည်ဆောက်ရန်အတွက် သြဂုတ် ၇ ရက်တွင် ကနဦး စရံငွေကျပ်သိန်း ၄၉၀ ပေးချေခဲ့ပြီဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ရန်ကုန်မြို့အခြေစိုက် OMNI Trade, Industrial One-Stop Service နှင့် ချုပ်ဆိုခဲ့သောစာချုပ်အရ အောက်စီဂျင်စက်၏ တန်ဖိုးငွေကျပ်သိန်း ၉၀၀ ကျော်၊ စက်နှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ နှင့် အဆောက်အဦး အပါအဝင် ငွေကျပ် သိန်း ၁၁၀၀ ကျော် ကုန်ကျနိုင်ကြောင်း သိရသည်။

“အလှူရှင်တွေက ကော်မတီကို ဦးဆောင်စေပြီး လှူဒါန်းလာတဲ့ အလှူငွေတွေရဲ့ ကနဦး ငါးဆယ်ရာခိုင်နှုန်း စရံငွေဖြစ်တဲ့ သိန်း ၄၉၀ ကျော်လောက်ကို စရံငွေ‌ပေးပြီးပြီ။ စက်ရဲ့ ပမာဏက ထုတ်နိုင်တဲ့ အနေအထားကတော့ တစ်နေ့ကို ၄၀ လီတာ အလုံး ၁၀၀ ကျော်လောက် ထွက်မယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

အဆိုပါစက်နှင့် စက်ပစ္စည်းများ ၃၅ ရက်အတွင်း ရန်ကုန်ဆိပ်ကမ်းသိူ့ရောက်ရှိလာအောင် ကုမ္ပဏီက ဆောင်ရွက်ပေးမည်ဖြစ်ပြီး စက်တင်ဘာ ပထမအပတ်တွင် ပြီးနိုင်မည်ဟု ယုံကြည်ကြောင်း၊ စက်ရုံမှ ထွက်ရှိသော အောက်စီဂျင်ကို မွန်ပြည်နယ်အတွင်း လိုအပ်သည့် နေရာများတွင် လှူဒါန်းထောက်ပံ့သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ အောက်စီဂျင်စက်ရုံကို မော်လမြိုင် သို့မဟုတ် ချောင်းဆုံမြို့နယ်အတွင်း အဆင်ပြေမည့် နေရာတွင် တည်ဆောက်ရန် စီစဉ်ထားကြောင်း၊ မွန်ဒေသလုံးဆိုင်ရာ ကပ်ရောဂါ ကာကွယ်ထောက်ပံ့ရေး ပူးပေါင်းကော်မတီသည် မွန်များနေထိုင်ကႆသည့်ဒေသများသို့သွားရောက်ကာ မွန်တိုင်းရင်းသားများသာမက လူတန်းစားအားလုံးကို အောက်စီဂျင်၊ ငွေကြေး နှင့် အစားအသောက်များကို ထောက်ပံ့ပေးနေကြောင်း သိရသည်။

ထို့အတူ မွန်ပြည်နယ်တဝန်း လက်ရှိအချိန်ထိ အောက်စီဂျင် အခက်အခဲ ရှိနေသေးသော်လည်း စက်ရုံများ တည်ဆောက်ပြီးပါက အောက်စီဂျင် လိုအပ်ချက် လျော့ကျလာမည်ဖြစ်ကြောင်း မော်လမြိုင် Rescue အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စက်ရုံတွေ ပြီးမယ်ဆိုလို့ရှိရင် ပိုပြီး အဆင်ပြေလာမယ်။ နောက်ပြီး မွန်ပြည်နယ်မှာလည်း အခု  တစ်ချို့  မြို့နယ်တွေ သူမြို့နယ်အလိုက် အောက်စီဂျင်စက်ရုံတွေ လုပ်ဖို့ကြိုးစားနေကြတာပေါ့နော်”ဟု ၎င်းက ပြောသည်။

အလားတူ သာသနာနွယ်ဖောင်ဒေးရှင်းက မော်လမြိုင်မြို့တွင် အောက်စီဂျင်စက်ရုံတစ်ရုံ၊ သံဖြူဇရပ်မြို့ခံများ ကမကထပြုလုပ်၍ သံဖြူဇရပ်မြို့(ဖောင်စိန်) နှင့် ပြည်သူ့ဆေးရုံတွင် အောက်စီဂျင် စက်ရုံ (၂) ရုံ တည်ဆောက်တပ်ဆင်လျက်ရှိသည်။

အောက်စီဂျင်စက်ဝယ်ယူရေး စာချုပ်နေကြစဥ် (Naiaung Naing)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts