HomeCovid 19မွန်ပြည်နယ်ထွက် ငါးများ Export ပို့မရ တရုတ်ကုမ္ပဏီများက ဈေးနှိမ်ဝယ်ယူ

မွန်ပြည်နယ်ထွက် ငါးများ Export ပို့မရ တရုတ်ကုမ္ပဏီများက ဈေးနှိမ်ဝယ်ယူ

-

မွန်သတင်းအေဂျင်စီ(၂၀၂၁ ဩဂုတ် ၆)

မွန်ပြည်နယ်မှ ထွက်ရှိသော ငါးများ နိုင်ငံခြားသို့ Export ပို့မရဖြစ်နေပြီး တရုတ်ကုမ္ပဏီများ ဈေးနှိမ် ဝယ်ယူနေသောကြောင့် ပြည်တွင်း ငါးလုပ်ငန်းရှင်များ အကျိုးအမြတ် မရှိတော့ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။

ယခင်က ငါးမုတ်တစ်ပိဿာ ၃ သောင်းကျပ်စျေးရှိသော်လည်း ယခုနှစ်တွင် တစ်သောင်းဝန်းကျင်ခန့်သာ ဈေးပေး ဝယ်ယူနေကြောင်း ၄င်းကဆိုသည်။

“ကုမ္ပဏီတွေက ဈေးနှိမ်ပြီး ဝယ်ကြတာဆိုတော့ Export ဘာမှ မရကြဘူး။ ပြည်တွင်းကျတော့လည်း ဒီရောဂါကြီးဆိုတော့ ဒီတစ်နှစ်တော့ အရောင်းအဝယ် သိပ်မဖြစ်ကြဘူးပေါ့။ ‌ဈေးသည်တွေလည်း နည်းလာတယ်။ အရင်းရအောင် စရိတ်ရအောင်တောင် မနည်းလုပ်နေရတယ်”ဟု ဦးမြင့်စိုးက ပြောသည်။

မော်လမြိုင်ကုန်စည်ဒိုင်၏ ဩဂုတ်လ ၅ ရက် ဈေးနှုန်းများအရ ငါးပုတ်သင် တစ်ပိဿာ ၅၀၀၀ကျပ်၊ ငါးပုဏ္ဏား (ဥ) တစ်ပိဿာ ၁၁၀၀၀ကျပ်၊ ငါးပုဏ္ဏာ (အထီး) တစ်ပိဿာ ၆၀၀၀ကျပ်၊ ငါးကွမ်းရှပ် (အကြီး) တစ်ပိဿာ ၉၀၀၀ကျပ်၊ (အလတ်) တစ်ပိဿာ ၇၀၀၀ကျပ်၊ (အသေး) တစ်ပိဿာ ၆၅၀၀ကျပ် နှင့် ငါးပျက် (အကြီး)  ၄၅၀၀ကျပ်၊ (အလတ်) ၃၀၀၀ကျပ်၊ (အသေး) ၂၅၀၀ကျပ် ရောင်းဈေးရှိကြောင်း သိရသည်။

လက်ရှိကာလတွင် နိုင်ငံရေးနှင့် ကျန်းမာရေးအခြေနေအရပ်ရပ်ကြောင့် သွားလာမှုခက်မလွယ်ကူဖြစ်လာပြီး ပြည်ပတင်ပို့ရန် အခက်အခဲရှိ‌နေကြောင်း၊ ငါးများကို ဝယ်ယူပြီးပါက အအေးခန်းတွင်သာ သိုလှောင်ထားရမည်ဖြစ်သောကြောင့် ကုမ္ပဏီများက ဈေးနှိမ်ဝယ်ယူရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ယခုနှစ်တွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုပိုမိုများပြားလာသည့်အတွက် တရုတ်ပြည်ပသို့ တင်ပို့နေသည့် ဈေးကွက် မကောင်းဖြစ်နေကြောင်း မော်လမြိုင်မြို့နယ်က ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဒီနှစ်မှာကိုက ကိုဗစ်ကြောင့် တရုတ်ပြည် ဈေးကွက်မှာကိုက မကောင်းဘူး ဖြစ်နေတာလေ။ သူတို့ဘက်မှာလည်း ကိုဗစ်ပြန်ဖြစ်၊ ဒီမှာလည်း ကိုဗစ်ပြန်ဖြစ်ဆိုတော့ ရပ်သွားရတာပေါ့”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင်  (၃၀) စတုရန်းမိုင်ပတ်လည် ပင်လယ်ပြင်ငါးဖမ်းကွက် (၁၄) ကွက်မှ နှစ်စဉ်ငါးဖမ်းရာသီအတွင်း ငါးပိဿာချိန် ထောင်ပေါင်း (၁၇၀,၀၀၀) ကျော်ရရှိပြီး အအေးခန်းစက်ရုံ (၆) မက်ထရစ်တန် (၈၀၀၀) ကျော်ထုတ်လုပ်ခဲ့ကြောင်း၊ တရုတ်စျေးကွက်ကို ၉၀ ရာခိုင်နှုန်းခန့် အားထားနေရပြီး မလေးရှားနှင့် စင်ကာပူနိုင်ငံသို့လည်း ငါးများကို အဓိကတင်ပို့ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts