မွန်သတင်းအေဂျင်စီ (၅ သြဂုတ် ၂၀၂၁)
ကျိုက်မရောမြို့နယ် တရဏာကျေးရွာ ရာမညနိကာယ ဘာဓမ္မစက်ကျောင်း ဆရာတော် ဘဒ္ဒန္တ ဝိသာရဒ သက်တော် (၇၄) နှစ် (၅၄) ဝါသည် မော်လမြိုင်မြို့ သာသနာရက္ခိတဘုန်းတော်ကြီးကျောင်း၌ ဆေးကုသခံယူရင်း ယနေ့နံနက် ၉ နာရီခန့်က ဘဝနတ်ထံပျံလွန်တော်မူကြောင်း သတင်းရရှိသည်။
နာတာရှည်ရောဂါအခံရှိသူဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် အောက်စီဂျင်ဖြင့် တစ်ပတ်ကျော်ကြာ ကုသခံယူစဉ် ပျံလွန်ခဲ့ခြင်းဖြစ်သည်။
အစိုးရပထမပြန်စာမေးပွဲတွင် သာသနာဓဇဓမ္မာစရိယဘွဲ့တဆိပ်တော် ဒီဃနိကာယ ပါဠိပါရဂူအောင်မြင်ခဲ့သူ မွန်ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး ကော့ဘိန်းပရိယတ္တိစာသင်တိုက် စာချဆရာတော်ဟောင်းလည်း ဖြစ်ခဲ့သည်။
ထို့အပြင် ကောဇာသက္ကရာဇ် ၁၃၆၀ ခုနှစ်တွင် “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ” နှင့် ၁၃၆၈ ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တဆိပ်တော်ချီးမြှင့်ခံရသည်။