spot_img
Monday, February 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနှီးပဒေါအုပ်ချုပ်ရေးမှူးပစ်သတ်ခံရမှု ရွာသား(၇) ဦးကို ဖမ်းဆီးထားပြီး အချို့ထွက်ပြေးတိမ်းရှောင်နေရဟုဆို

    နှီးပဒေါအုပ်ချုပ်ရေးမှူးပစ်သတ်ခံရမှု ရွာသား(၇) ဦးကို ဖမ်းဆီးထားပြီး အချို့ထွက်ပြေးတိမ်းရှောင်နေရဟုဆို

    -

    ‌မွန်သတင်းအေဂျင်စီ (၂၀၂၁ ဩဂုတ် ၂)

    နစကကောင်စီရွေးချယ်ခန့်အပ်ထားသော မုဒုံမြို့နယ် နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး လုပ်ကြံပစ်သတ်ခံရမှုအပေါ် သံသယရှိသူ ၇ ဦးကို အာဏာပိုင်များဖမ်းဆီးထားပြီး ရွာသားအချို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း နီးစပ်သူများက ဆိုသည်။

    ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညနေပိုင်းက ဆိုင်ကယ်ဖြင့်အိမ်သို့ရောက်ရှိလာသည့် အမည်မသိ သေနတ်သမားနှစ်ဦး ပစ်ခတ်သဖြင့် အုပ်ချုပ်ရေးမှူး နိုင်မန်း သေဆုံးခဲ့ပြီး နောက်တစ်နေ့တွင် ယခင်ရန်ညှိုးရှိသည်ဆိုသည့် ကျေးရွာမီးလင်းရေးကော်မတီဝင် နိုင်စိုးခိုင်နှင့် နိုင်နိုးတို့ ၂ ဦးကို အာဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နီးစပ်သူ ရွာသားတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။    

    “မီးလင်းရေးကော်မတီဝင်ထဲက နိုင်စိုးခိုင်နဲ့ နိုင်နိုးတို့ ၂ ယောက်ကို လာဖမ်းသွားတယ်၊ နိုင်နိုး အသက်ကြီးပါပြီ ထောင်က ထွက်လာတာလည်း မကြာသေးဘူး၊ ဟိုတစ်နေ့ညက ဖမ်းသွားပြီးတော့ ဘယ်မှာထားထားသလဲဆိုတာ သတင်းမကြားရသေးဘူး” ဟု အဆိုပါ နှီးပဒေါကျေးရွာသားက ဆိုသည်။

    ထို့အပြင် ယခင် NLD အစိုးရလက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူးသည်လည်း အဝေးတစ်နေရာသို့ တိမ်းရှောင်နေရပြီး ၄င်းနှင့်အတူ အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် ကျေးရွာပရဟိတလုပ်ငန်းဆောင်ရွက်သူ လူငယ် ၅ ဦးကိုလည်း အာဏာပိုင်များ ထပ်မံဖမ်းဆီးခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

    အဆိုပါ နှီးပဒေါကျေးရွာသားက “NLD လက်ထက်က နှီးပဒေါကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းလည်း ထွက်ပြေးနေရတယ်၊ သူနဲ့ ဆက်စပ်မှုရှိတဲ့ ရွာကပရဟိတသမားတွေကိုလည်း မနေ့ နေ့လယ်မှာ တစ်အိမ်တက်ဆင်း လိုက်ဖမ်းနေတယ်၊ ဘယ်သူဖမ်းမိလို့ ဘယ်သူထွက်ပြေးနေသလဲ လောလောဆယ် မသိရသေးဘူး” ဟု ဆက်ပြောသည်။ 

    သို့ရာတွင် အဆိုပါ ကျေးရွာသားများအား လာရောက်ဖမ်းဆီးခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မည်သို့မှန်ကန်မှုရှိကြောင်း သက်ဆိုင်ရာအာဏာပိုင်များထံမှ မွန်သတင်းအေဂျင်စီ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    “အမန်း(နိုင်မန်း)က ဟိုးအရင်ကလည်း တစ်ခါသေနတ်နဲ့ ပစ်ခံထိခဲ့ပြီးပြီ၊ ကံကောင်းလို့ သူမသေခဲ့တာ၊  သူအခုအာဏာရလာတာ ၆ လတောင်မပြည့်သေးဘူး၊ မထင်ရင် မထင်သလို ညသန်းခေါင်အချိန် သူများအိမ်တက်၊ တံခါးခေါက် အတင်းဖွင့်ခိုင်း ပြဿနာလိုက်ရှာတဲ့ ဥက္ကဌမျိုး၊ အခုတလော တရွာလုံးနဲ့ အာဏာရှင်သူတစ်ယောက်ပဲဖြစ်နေတော့ သူအသတ်ခံရတဲ့ကိစ္စကို လွယ်လွယ်နဲ့ဖော်ထုတ်နိုင်မယ်မထင်ဘူး၊ ဘယ်သူမှလည်း သူ့ဘက်ကို ရပ်တည်ပြီးသတင်းပေးကြမှာ မဟုတ်ဘူးလို့ ယူဆတယ်၊ အခု သေသွားတဲ့ဥက္ကဌ နိုင်မန်းနဲ့ မတည့်သူ ရွာတဝက်ကျော်လောက် ရှိမှာပါ” ဟု နှီးပဒေါရွာသား မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးက ယူဆသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း နစကကောင်စီ အသစ်ရွေးချယ်ခဲ့သည့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတော်တော်များကို အမည်မသိသေနတ်သများ လုပ်ကြံသတ်ဖြတ်မှုများ နိုင်ငံတဝန်း မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့အတူ မွန်ပြည်နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅ ဦးထက်မနည်းလည်း လုပ်ကြံသတ်ဖြတ်ခံ၍ သေဆုံးခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks