Saturday, March 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရပြောင်းလဲဖွဲ့စည်း

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရပြောင်းလဲဖွဲ့စည်း

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဩဂုတ် ၂)

    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း ဩဂုတ် ၁ ရက်က ထုတ်ပြန်ခဲ့သည်။

    အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး  ပြည်ထောင်စုဝန်ကြီးများ၊   ပြည်ထောင်စုရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန် အိမ်စောင့်အစိုးရအဖွဲ့ရုံးနှင့် ပြည်ထောင်စုဝန်ကြီးဌာန အမည်များကိုလည်း  ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း တွေ့ရသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက “မကြာမီမှာ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာမှာ စစ်ကောင်စီနဲ့ NUG ကြားထဲမှာ ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတဲ့ Credentials စိန်ခေါ်မှု ကျနော်တို့ ရှိလာပါလိမ့်မယ်။ ရှိလာတဲ့အချိန်မှာ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းထားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်သွားမယ်ဆိုရင် နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် အခက်အခဲရှိတယ် လို့များ သူတို့သတ်မှတ်ထားလားမသိပါဘူး။ အမှန်ကတော့ အာဏာသိမ်းထားတဲ့သူကတော့ အာဏာသိမ်းထားတာပဲဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကာလမှာ ဒီမိုကရေစီနည်းလမ်းတကျ ပါဝင် ယှဉ်ပြိုင်ပြီး အနိုင်ရတဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုမျိုးအဖြစ်အပျက်ကို သူတို့အနေနဲ့ အခုဆိုရင်တော့ အစိုးရတရပ်အနေနဲ့ ထူထောင်ပြီးတော့ လည်ပတ်နေပါတယ်ဆိုတဲ့ စောဒကနဲ့ အကြောင်းပြချက်နဲ့ ပိုမိုပြီးတော့ အသိအမှတ်ပြုမှု လက်ခံမှုရရှိဖို့အတွက် ကြိုးစားမလားဆိုတဲ့ သဘောမျိုးပေါက်နေတာကိုတွေ့ရပါတယ်”ဟု VOA မြန်မာပိုင်းအစီအစဥ်သို့ ၄င်း၏အမြင်သဘောထားကို ပြောခဲ့သည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အာဏာရယူပြီး ၆ လ အကြာတွင် အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ နိုင်ငံတော် တာဝန်များကို ပိုမို၊ လွယ်ကူ၊ လျင်မြန်‌စေရန် ဆောင်ရွက်နိုင်ရန်ဖို့အတွက် အိမ်စောင့်အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်မှူးကြီး အောင်လင်းဒွေး အမိန့်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ဩဂုတ် ၁ ရက်တွင် အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks