spot_img
Friday, July 12, 2024
More
    spot_img
    Homeဆောင်းပါးပေါက်ပန်းတို့ဝေတဲ့‌‌"နွေ"

    ပေါက်ပန်းတို့ဝေတဲ့‌‌”နွေ”

    -

    သဒ္ဒါမန်

    စာရေးဆရာ ကောင်းသန့်၏ မေ့မရသော အတိတ်များ စာအုပ်ငယ် လေးအား အကြိမ် အကြိမ် အခါခါ ဖတ်ခဲ့ ပြီးနောက် ရင်၌ ရက်လ များစွာ ရေးချင် နေခဲ့သော ဒီဆောင်းပါးလေးအား ရေးဖြစ်ပါတော့သည်။ စာရေးဆရာ ကောင်းသန့်သည် “အတိတ် ဆိုသည်မှာ လူတစ်ယောက် အတွက် ကုန်လွန်ခဲ့ပြီး လေသော အချိန်ကာလပင် ဖြစ်ပါသည်။ လူ တစ်ယောက်တွင် လွမ်းမောဖွယ်ရာ အတိတ် ရှိသကဲ့သို့ နာကျည်း ကြေကွဲဖွယ်ရာ အတိတ်များလည်း ရှိတတ်ပါသည်။ ထို့အတူ မေ့လွယ် ပျောက်လွယ်သော အတိတ်များ ရှိသကဲ့သို့ နှလုံးသားတွင် ထင်ကျန် ရစ်ခဲ့သော အတိတ်များလည်း ရှိပါသည်” ဟူ၍ သူ၏ ခံစားချက်ကို ရိုးရှင်းစွာ စာဖတ်သူတို့အား ဝေမျှ ခဲ့ပါသည်။ ထိုကြောင့်……။

    အကြောင်း အမျိုးမျိုးထဲက တခုတည်းသော အကြောင်းကြောင့် ကျနော် အခြေချ နေထိုင်ရာ တတိယ နိုင်ငံထဲက မြို့ငယ်လေး တစ်မြို့သည် နေချင်စဖွယ် ကောင်းလောက်အောင် သာယာ လှပတဲ့မြို့ငယ်လေး တစ်မြို့ပါပဲ။ နွေရာသီ အားလပ်ရက်မို့လည်း မြို့ရဲ့ နွေရာသီ အပန်း ဖြေစရာ ကန်ရေပြင် ဝန်းကျင် ကတော့ အားလပ်ရက် ကျောင်းသူ၊ ကျောင်းသားတွေ၊ မြို့ခံမိဘပြည်သူတွေ၊ နယ်ဝေးက အလည်လာ အမန်းဖြေသူတွေ၊ ဒီ့အပြင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေနဲ့ တောက်ပ နွေးထွေးတဲ့ နေရာင် အောက်မှာ သာယာ လှပ လို့နေ ပါတော့တယ်။ ကန်ရေပြင် အေးအေး ကတော့ အပြာရောင် သန်းလို့၊ ကန်ရေပြင် အပေါ် ဖြတ်လျှောက် လာတဲ့ လေပြေ ညှင်းလေး ကတော့ ချစ်သမီးလေးတို့ဆော့ကစားနေရာ မြက်ခင်း လွင်ပြင်ပေါ်က ရောင်စုံ ပေါက်ပန်း လေးတွေကို ကျီစယ် နေလေရဲ့။

    မိသားစုနဲ့အတူ ကျနော် ရောက်ရှိ အပန်းဖြေနေတဲ့ နေရာ ကတော့ အထပ်ထပ် အလွှာလွှာ ညီညာ တိုက်ခန်း လေးတွေ ဝန်းရံနေတဲ့ကြည်လင်ပြာလဲ့လဲ့ ကန်ရေပြင် နံဘေးက ရောင်စုံ ပေါက်ပန်းလေးတွေ ဝေဆာနေတဲ့ မြက်ခင်းပြင်ပါပဲ။ ရောင်စုံ ပေါက်ပန်းလေး တွေဝေဆာနေတဲ့ မြက်ခင်းပြင်နေရာမို့လည်း အဲဒီ မြက်ခင်းပြင် ပေါ်မှာ တစ်ချို့သော ကလေးငယ်များသည် အပေါင်းသင်း သူငယ်ချင်းတွေနဲ့ ကလေးတို့သဘာ၀ အပူအပင် ကင်းမဲ့လှစွာ ရီကာမောကာ ဆော့ကစား နေကြချိန်မှာ တချို့သော အုပ်ထိန်းသူတွေက နေလှုံရင်း စာဖတ်နေကြသလို၊ တစ်ချို့သော ကလေးငယ်တို့ ကန်ရေထဲ ရေကူးနေကြချိန်မှာ အုပ်ထိန်းသူတွေက ရေမနစ်အောင် ဂရုတစိုက် စောင့် ရှောက်နေကြပါတယ်။ “သွန်သင်လမ်းပြ စရာ ရှိရင်တော့ ကိုယ်စီကိုယ်စီ ကိုယ်ပိုင် မိခင်ဘာသာ စကားနဲ့ပါပဲ”။

    ကျနော် ကတော့ ကောင်းသန့်၏ မေ့မရသော အတိတ်များ စာအုပ်ငယ် ကလေးနဲ့ ကန်ရေပြင်နဲ့မြက်ခင်းပြင်ကြားက အမောဖြေခုံတန်းပေါ်မှာ ငြိမ့်ငြိမ့်လေးပါပဲ။ ကန်ရေပြင်ကို ပတ်ကာ ဖောက်လုပ် ထားတဲ့ လမ်းသွယ်လေး ထက်မှာတော့ လမ်းလျှောက်ရင်း တစ်ချို့သော ချစ်သူစုံ တွဲလေးတွေက ရီကာမောကာ ကိုယ်စီကိုယ်စီ အပြုံးလေးတွေနဲ့မို့ နွေရာသီ အားလပ်ရက်ရဲ့ရှုခင်းကတော့ တကယ်ကို လှပနေပါတယ်။ မေ့မရသော အတိတ်များ စာအုပ်ငယ်လေးထဲ အတွေးတွေ နစ်နေတုန်း”ဖေဖေ ဒီပန်းလေးတွေက အရမ်းလှတာပဲ ဒါပေမဲ့ ဘာဖြစ်လို့ မမွှေးတာလဲ” သမီးအကြီးလေးရဲ့နောက်က ရုတ်တရက် အမေးလေးတွေကြောင့် လှည့်ကြည့် လိုက်တော့ သူတို့လေးတွေရဲ့လက်ထဲမှာ နွေရာသီမှာ လမ်းဘေး၌ အလိုအလျှေက် ပေါက်နေတတ်တဲ့ အဝါရောင် ထောပတ်ပန်းလေးနဲ့။”ဒီပန်းလေး တွေဟာကျနော် တို့ဆီက နေကြာပန်းလို ပုံစံပန်းလေးတွေပါ။ “ဒါပေမဲ့ဒီထောပတ် ပန်းတွေက အပင်ပုတယ် မြေပြင်ကနေ အမြင့်ဆုံး တထွာနှစ်ထွာလောက်ပဲ မြင့်ပါတယ်။ လှပေမဲ့ ရနံ့မရှိ။

    အဆာပြေမုန့်စားနေရင်း ရေသောက်နေကြတဲ့ ချစ်သမီး ညီအစ်မကို ကြည့်ရင်း”လူ့ပေါက်ပန်း”ဆိုတဲ့ ကျနော် ငယ်စဉ်ဖတ်ခဲ့ဖူး တဲ့ကဗျာ ခေါင်းစဉ်လေးအား ပြန်အမှတ်ရ မိပါတော့တယ်။ သို့သော် ကဗျာ စာသားလေးတွေကိုတော့ မမှတ်မိတာ့ပါ။ ထားပါတော့ မူကြိုကျောင်း သူလေးအရွယ် သမီးလေးနှစ်ယောက်အား ပေါက်ပန်းတို့ရဲ့အကြောင်း ဒီအချိန်မှာ ရှင်းမပြချင်သေးပါ။ စိတ်ချမ်းမြေ့စရာ တွေနဲ့ပြုစု ရမဲ့အရွယ်မဟုတ်လား။

    တစ်နေ့တာရဲ့ရည်မှန်းရာခရီး မဆုံးသေးတာကြောင့် ကိုယ်စီစက်ဘီး ဦးထုပ်လေး ဆောင်းပြီး ရှေ့ခရီး အတွက် ပြင်ဆင် ကြရပါတော့တယ်။ စက်ဘီး စီးတတ်ကာစ သမီး အကြီးကတော့ ရှေ့ကနေ တက်တက်ကြွကြွနဲ့ပေါ့ ချစ်သမီးငယ်လေးကတော့ ကျနော့်ရဲ့နောက်မှာ လုံခြုံတဲ့ခုံလေး ပေါ်မှာ မူကြိုကျောင်းက တတ်လာတဲ့ ကလေးတေးကဗျာ ကို မှတ်မိမမှတ်မိ နဲ့ကန်ရေပြင် အပေါ် ဖြတ် လျှေက်လာတဲ့ လေညှင်းနဲ့ ငြိမ့်လို့။ရှေ့က သမီးအကြီးကတော့ စူးစမ်း တတ်စ အရွယ်လေးမို့ သူရဲ့ချစ်အမေလေးနဲ့ တတွတ်တွတ် လေးပါပဲ။

    စက်ဘီးကိုနင်းနေရင်း လမ်းဘေးနှစ်ဖက်မှာ ရောင်စုံ ပေါက်နေတဲ့ သဘာ၀ အလှ”ပေါက်ပန်းလေးတွေ ကိုကြည့်ရင်း”ကျနော့်ဘဝရဲ့ မေ့မ ရသော အတိတ်လေး တခု အတွေးထဲ ဝင်လာ ပါတော့တယ်။ နေရာက….ကျနော့် အဖေကျောင်းအုပ် ဆရာအဖြင့် တာဝန် ကျရာ အဲဒီ အချိန်တုန်းက မွန်ပြည်သစ် ပါတီ ထိန်းချုပ်ရာနေရာ (အမဲရောင်နယ်မြေ)။ အချိန်ကား ဦးနေဝင်း ခေါင်းဆောင်တဲ့ မဆလခေတ်။ အဲဒီလို မဆလ အစိုးရ စစ်တပ် လက်လှမ်း မမှီတဲ့ အမဲရောင်နယ်မြေထဲက ဘုန်းကြီးကျောင်းနားက ဘော်လုံးကွင်းရဲ့ရှေ့ မှာ ရှိနေတဲ့မူလတန်းကျောင်း လေးကတော့ ကျောင်းသူ၊ ကျောင်းသား (၂၀၀)ဝန်းကျင်ဆန့် အင်္ဂလိပ် အက္ခရာ အယ်ပုံစံပါပဲ။ ကျောင်းရဲ့အလံတိုင်နဲ့ ကပ်ရပ်မှာတော့ “စကားဝါ” ပင်ပျိုလေး တစ်ပင် ကတော့ တည်တည်တဲ့တဲ့။

    ကျနော် ယနေ့တိုင် မေ့မရနိုင်အောင် အမှတ်ရနေတဲ့ တောကျေးလက်က အဲဒီ စကားဝါ ပန်းလေးတွေကတော့ အပင်ပေါ်မှာ ဝေလည်း မွှေးပြီး၊ မြေပြင်ပေါ် ကြွေကာ ကျလည်း ရနံ့မပြယ် မွှေးနေတတ်တဲ့..အဝါရောင် ပန်းလေးတွေပါပဲ။ .ကျောင်းဖွင့်ချိန်နွေရာသီ စကားဝါ ပန်းလေးတွေ ပွင့်ပြီဆိုရင် ကျနော်တို့ကျောင်းသွားဖော် သူငယ်ချင်းများသည် မြေပြင်ပေါ်ကြွေကာ ကျနေတဲ့ စကားဝါလေးတွေကို သော်လည်းကောင်း၊ အပင်ပေါ် မှာ ဝေကာ ပွင့်နေတဲ့ စကားဝါပန်းတွေကို လည်းကောင်း၊ အလုအယက် ကောက်ကာ တဖုံ၊ အပင်ပေါ် တက်ကာ ခူးကာ တမျိုး၊ အလုအယက် ကောက်ကာ ခူးပြီး၊ ကျောင်းစာ သင်ချိန်တွင်း မှာတော့ အဝါရောင် စကားဝါ ပန်းလေး တချို့ကတော့ ဗလာ စာအုပ်ထဲမှာ သော်လည်းကောင်း၊ အဝါရောင် စကားဝါ တချို့ကတော့ လွယ်အိတ်ထဲမှာပေါ့။

    အဖေကျောင်းအုပ် အဖြင့် တာဝန် ကျရာ ဤတောလက် ကျေးရွာသည် အမဲရောင် နယ်မြေ ပီပီ ရပ်ဝေးနယ်ဝေးက ဗမာစာကို သင်မဲ့ကျာင်း ဆရာဆိုလို့အဖေရယ် ကျနော် မမှိတ်မိတော့တဲ့ နောက်ထပ် ကျောင်းဆရာမ နှစ်ယောက်လောက်ပဲ ရှိပါတယ်။ ကျန်တာတွေ အကုန်ကတော့ အဖေ့ရဲ့ခွင့်ပြုချက် နားလည်မှုတွေနဲ့ မွန်စာကို သင်ပေးနေတဲ့ မွန်ကျောင်း ဆရာ ချည်းပါပဲ ကျောင်းထဲက ကျောင်းသူ/ ကျောင်းသားတွေ ကတော့ မွန်ကျောင်း ဆရာတွေ ဝင်လာတဲ့ အချိန်မှာ မွန်စာကို သင်ယူရပြီး၊ ဗမာကျောင်းဆရာမတွေ ဝင်လာတဲ့ အချိန်မှာတော့ ဗမာကို သင်ယူကြရပါတယ်။ အဖေကတော့ ရံဖန်ရံခါပါပဲ ဘာကြောင့်ရယ်မှန်းတော့ မသိပါ ကျနော်သည် အဲဒီ မူလတန်း ကျောင်းသားဘဝထဲက စပြီ အဖေ့ရဲ့ကျေးဇူးကြောင့် မွန်စာနဲ့ရင်းနှီးခွင့် ရခဲ့ပါတော့တယ်။

    ကျနော် မမွှေးခင် ကတည်းက အဲဒီတောလက် ကျေးရွာမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ အဖေသည် ကျနော် ဒုတိယတန်း ကျောင်းသား ဘဝမှာပဲ နောက်ထပ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ အမဲရောင် နယ်မြေ တောလက်ကျေးရွာ တနေရာကို တာဝန်အရ ပြောင်းရွှေ့ရပါတော့တယ်။ အဖေ တာဝန်ကျတဲ့ ဤနေရာ အသစ်ကတော့ ကျနော့်အတွက် ကံကောင်း သွားခဲ့တာလားတော့ မပြောတတ်ပါ။ မွန်စာကိုနေ့စဉ်နဲ့အမျှ ကျောင်းချိန်တိုင်းမှာ မွန်စာကို အချိန်ပြည့် သင်ခွင့်ရခဲ့ပါတော့တယ်။ အဖေကတော့ ကျောင်းကို ရံဖန်ရံခါမှာမှ သာလျှင် ကျောင်းကို လာတတ်သည်။ မွန်ကျောင်း ဆရာ တယောက်အား နားလည်မှုတွေနဲ့ ကျောင်းအုပ် သဖွယ်ကျောင်းကို အပ်ထားခဲ့ပါတယ်။ အဲဒီ မွန်ကျောင်းဆရာရဲ့စေတနာကြောင့်လည်း မွန်မိဘနှစ်ပါးက မွေးဖွား လာတဲ့ ကျနော်သည် ကျောင်းချိန်ပြင်ပ ညအချိန်မှာ အမြဲတမ်းလိုလို ဘုန်းကြီးကျောင်းကို သွားပြီး ဘုန်းကြီးကျောင်း ဝေယျာဝစ္စ အလုပ်တွေနဲ့အတုူ ဘုရားစာ၊ ဘုရားဂါထာ တွေနဲ့ထပ်၍ ရင်းနှီးခွင့် ရခဲ့ပါတော့တယ်။

    အဖေ တာဝန်ကျတဲ့ အဲဒီတောလက်ကျေးရွာရဲ့နွေရာသီ ညနေခင်းလေးတခု ။ အဖေ့အား အစစအရာရာ ဒီရွာကို စရောက် ကတည်းက ကူညီနေတဲ့ အဖေ့ သူငယ်ချင်း အိမ်မှာ ဖိတ်ထားချက် အရ အလည်သွားဘို့ကျနော့်အား ခေါ်သွား ပါတော့တယ်။ အဖေ့သူငယ်ချင်း အိမ်မှာတော့ ရောက်တတ်ရာစကားဝိုင်းဖွဲ့ဘို့အလည်ရောက်လာတဲ့ လူတွေနဲ့ လူစုံတက်စုံပါပဲ။ တောဓလေ့ရောက်တတ် ရာရာ စကားဝိုင်းမို့လည်းရီကာမောကာ ကျနော်ယနေ့တိုင်မှတ်မိနေဆဲ စကားလုံးတချို့ကတော့…..။

    ”ဒီရွာကို အစိုးရခန့်ကျောင်းအုပ် တယောက် အနေနဲ့ သူငယ်ချင်းက ရောက်လာပြီးတော့ ကလေးအတွက် ဗမာစာ သင်ပေးတာ နည်းလွန်းတယ်၊၊ ခလေးတွေရဲ့နောင်ရေးလည်း ကြည့်ပါအုံး..။ ကျောင်းကိုလည်း မှန်မှန်သွားပြီး စီမံခန့်ခွဲစေချင်တယ်” ဟူသော် အမေးအတွက် အဖေ့ရဲ့ ရိုးရိုးသားသား အဖြေကတော့…”သူငယ်ချင်းရာ ကိုယ်လည်းပဲ ကလေးတွေကို ဗမာစာနဲ့ ဗမာစကား အခွင့်သင့်သလို သင်ပေးနေတာပဲ ဗမာပြည်မှာ ရှိနေမှကတော့ သူငယ်ချင်းရဲ့သားသမီးတွေ အချိန်တန်ရင် ဗမာစကား၊ ဗမာစာ အလိုလို တတ်သွားမှာပါ။ အခုလောလောဆယ် သူငယ်ချင်းရဲ့သားသမီးတွေ မွန်စာကိုပဲ အရင်တတ်အောင် သွန်သင် ဆုံးမလမ်းညွှန်းပေးပါ”သတဲ့။

    အဲဒီလို အဖေ့ရဲ့ကျေးဇူးတွေကြောင့် ကျနော်သည် မူလတန်းကျောင်းသား ဘဝမှာကတည်းက မွန်စာကို ထိုက်သင့် သလောက် ဖတ်တတ်ရေးတတ်နေပါပြီ။ အဖေ မရှိတော့ တဲ့နောက် အလယ်တန်းကျောင်းသား ဘဝနဲ့ အထက်တန်းရောက်တော့လည်း နွေရာသီ အားလပ်ရက်တွေမှာ ဆိုရင်လည်း ရွာက ဘုန်းကြီးတွေ ညအချိန်မှာ ဖွင့်တဲ့ မွန်စာ သင်တန်းကို လေ့လာ သင်ကြားခဲ့ပြန်ပါတယ်။ ရွာက ဘုန်းကြီးတွေရဲ့ကျေးဇူးကြောင့် မွန်သဒ္ဒါနဲ့၊မွန်စာရေးနည်းကို အနည်းအကျည်း တတ်မြောက် လာခဲ့တဲ့ ကျနော်သည် တက္ကသိုလ်ရောက်ပြန်တော့လည်း မော်လမြိုင် တက္ကသိုလ်ရဲ့မွန်စာပေနဲ့ယဉ်ကျေးမှု အသင်းက ဖွင့်လှစ်တဲ့ မွန်စာပေပြန့်ပွားရေး ညနေသင်တန်းကို ဆက်လက် ဆည်းပူး မိသောအခါ ကျနော်သည် မွန်စာနဲ့အထူး အကျွမ်းတဝင် ရှိခဲ့ပါတော့သည်။

    မဆလခေတ်က အစိုးရ ကျောင်းဆရာ ကျနော့် အဖေဆုံး သွားသောအခါ အဖေသည် မြင့်မြတ် လှသော မွန်မိဘနှစ်ပါးမှ ဆင်းသက် လာခဲ့သူပီပီ ကျနော့် အတွက် အဖိုးတန်ဆုံး ထားရစ်ခဲ့သော အမွေကတော့ မွန်စကားနဲ့မွန်စာပါပဲ၊၊ ဤသို့အဖိုးမဖြတ်နိုင်သော အဖေထားခဲ့သော အမွေအား အကြောင်း အမျိုးမျိုးထဲက တခုတည်းသော အကြောင်းကြောင့် ကျနော်အခြေချရာ နေထိုင်ရာ တတိယနိုင်ငံ၌ မွေးဖွားလာခဲ့ ကြတဲ့ ချစ်သမီး လေးတို့အား လက်ဆင့်ကမ်းပေးနိုင်ရန် ကျနော့်ရဲ့တာဝန်ပဲ မဟုတ်ပါလား။ ဒါမှမဟုတ်ရင်တော့ ကျနော်သည် နွေရသီမှာ ရနံ့ကင်းမဲ့လှစွာ အပြိုင်အဆိုင် အလှပြိုင်ကာ လမ်းဘေး၌ ပေါက်နေတဲ့ ပန်သူ မရှိတဲ့” ရောင်စုံပေါက်ပန်းလေးများ” ဖြစ်သွားမှာပါ။ (သို့တည်းမဟုတ် )အဝေးရောက်”လူ့ပေါက်ပန်း” ဖြစ်သွားမှာပါ။ ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    26,100SubscribersSubscribe
    spot_img

    Latest posts