HomeCovid 19မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုနှင့် သံသယလူနာ ယမန်နေ့တစ်ရက်အတွင်း သေဆုံးသူ ၂၅ ဦးအထိရှိလာ

မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုနှင့် သံသယလူနာ ယမန်နေ့တစ်ရက်အတွင်း သေဆုံးသူ ၂၅ ဦးအထိရှိလာ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁-ဇူလိုင်လ ၁၉)

ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး နေစဉ်သေဆုံးမှုများတွင် ယမန်နေ့ (ဇူလိုင်လ ၁၈ ရက်နေ့) တစ်ရက်အတွင်း မွန်ပြည်နယ် ကိုဗစ်အတည်ပြုနှင့် သံသယလူနာ ၂၅ ဦးသေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ထို့အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ ဇူလိုင် ၁၆ ရက်နှင့် ၁၇ နေ့ရက်များကလည်း နေ့စဉ် မွန်ပြည်နယ်ကိုဗစ်အတည်ပြုလူနာ၂၀ ဦးစီ နေ့စဥ်သေဆုံးခဲ့ကြောင်း တွေ့ရှိရသည်။

“ကိုဗစ်သေဆုံးမှုက အခုလက်ရှိအနေအထားအရ တစ်နေ့ကိုပျမ်းမျှဆို ၁၀ ယောက်အထက် ပုံမှန်ဆုံးတာ ပေါ့နော်။ (၉) ယောက်ဆုံးလိုက် (၁၁) ယောက်ဆုံးလိုက် အဲ့ဒီလိုမျိုးတွေရှိလာတယ်၊ မနေ့ကဆိုရင် ၂၅ ယောက်အထိ ရှိလာတယ်” ဟု မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မော်လမြိုင်ဆေးရုံကြီး ကိုဗစ်ကုသဆောင်၊ ကျော်ကြားဆောက်လုပ်ရေးမှ လှူဒါန်းထားသည့် Isolation Ward တို့နှင့် မော်လမြိုင်တက္ကသိုလ် ၁၀ မြို့နယ် ကိုဗစ်ကုသဆောင်တို့အပြင် နေအိမ်တို့များတွင် မိမိအစီအစဉ်ဖြင့် ကုသနေသူများသည်လည်း နေ့စဉ်သေဆုံးမှု ဆက်တိုက်သေဆုံးလျက်ရှိနေသည်ဟု ဆိုသည်။

စေတနာဝန်ထမ်း ဆရာဝန်တစ်ဦးက “Isolation ward နဲ့ ဆယ်မြိုနယ်ဆောင်ကနေပဲ သေတဲ့လူနာတွေကြီးပဲကို  အများကြီးထွက်နေတယ်။ တစ်နေ့ တစ်နေ့ပေါ့နော်။ ဆေးရုံကြီးကနေ အတည်ပြုချက် မရဘဲ သံသယလူနာအဖြစ် ဆုံးတဲ့လူနာတွေလည်း ရှိတာပေါ့။ ထုတ်ပြန်ချက်ထက်ကို မြေပြင်အနေအထားမှာတော့ သေဆုံးမှုက ပိုများပါတယ်”ဟု ပြောသည်။

ဇွန်လ ၁၀ ရက်နေ့မှ စတင်ပြီး ဇူလိုင်လ ၁၉ ရက်နေ့အထိ မွန်ပြည်နယ်ရှိ ကိုဗစ်အတည်ပြုလူနာနှင့် ကိုဗစ်ရောဂါပိုး သံသယလူနာ သေဆုံးသူ ၁၂၀ ကျော်ရှိလာကြောင်း ပြည်နယ်ကျန်းမာရေးဦးစီဌာန၏ စာရင်းများက ဖော်ပြသော်လည်း လူမှုကယ်ဆယ်ရေးအဖွဲ့များက သေဆုံးသူ ၂၀၀ ဝန်းကျင်ခန့်ခဲ့သည်ဟု ဆိုသည်။

 “အားလုံးနီးပါလောက်ဟာ ကိုယ်သံသယလက္ခဏာတွေနဲ့ ဖြစ်နေကြတဲ့အခါ ကိုယ်ဟာကို သီးခြားလေးနေပြီးတော့ သက်မှတ်ထားတဲ့ စည်းကမ်းအတိုင်း Stay at Home အတိုင်းနေထိုင်ပြီးတော့ သတိထားကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဇူလိုင် ၁၈ ရက်နေ့ ညနေပိုင်းထိ မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀၀၀ နီးပါးအထိရှိလာပြီး မော်လမြိုင်၊ သံဖြူဇရပ်နှင့် သထုံမြို့နယ်တို့တွင် အများဆုံးတွေ့ရှိခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts