HomeCovid 19ကိုဗစ်လူနာများအတွက် အောက်စီဂျင်လိုအပ်ချက် မြင့်တက်လာ

ကိုဗစ်လူနာများအတွက် အောက်စီဂျင်လိုအပ်ချက် မြင့်တက်လာ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁၊ ဇူလိုင် ၁၄)

မွန်ပြည်နယ်တွင် ကိုဗစ်လူနာများကို အဓိက ကုသပေးနေသော Isolation ward များသာမက ပြင်ပလူနာများအတွက်ပါ အောက်စီဂျင်လိုအပ်ချက် မြင့်မားလာသဖြင့် လုံလောက်မှု မရှိကြောင်း မော်လမြိုင် Rescue အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လောလောဆယ် အောက်စီဂျင်က လုံလောက်မှု မရှိဘူး။ လိုသလောက်လည်း မရဘူး။ ကိုဗစ်ကုသနေတဲ့ ward တွေတင် မကဘူးပေါ့နော်။ ပြင်ပမှာ ဆိုလိုရှိရင် အိမ်မှာ သီးသန့်နေပြီး သံသယလက္ခဏာနဲ့ ကုသနေတဲ့ သူတွေလည်း ရှိတာကိုး။ သူတို့တွေလည်း အရေးပေါ်လိုတယ်လေ”ဟု ၎င်းက ပြောသည်။

သံဖြူဇရပ်အတွင်းမှာလည်း အောက်စီဂျင် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီပေးနေရကြောင်း သံဖြူဇရပ် နာရေးကူညီမှု အသင်း တာဝန်ခံ ဦးကျော်ဝင်းက ပြောသည်။

“လက်ရှိမှာတော့ အောက်စီဂျင် မလုံလောက်မှုတွေက ရှိနေတော့ ကျွန်တော်တို့ အခု မော်လမြိုင်ရယ်၊ ရေးမြိုနယ်စက်ရုံရယ် အဲဒီမှာ ကျွန်တော်တို့ ခွဲပြီးတော့ သွားယူပေးနေတယ် နေ့စဉ်။ အကူညီတောင်းရတာပေါ့နော်”ဟု ဆက်ပြောသည်။

ထို့အတူ မွန်ပြည်နယ်တွင် သာသနာနွယ်ဖောင်းဒေးရှင်း ဆရာတော်ဦးဆောင်ကာ အောက်စီဂျင်စက်ရုံကို ၄၅ ရက်အတွင်း အမြန်တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၃ ရက် ည ၈ နာရီ စာရင်းများအရ ၂၄ နာရီအတွင်း မွန်ပြည်နယ်တဝန်း ကိုဗစ်ပိုးတွေ့လူနာ ၃၃၇ ဦး သေဆုံးသူ ၄ ဦးရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ပြည်နယ်အတွင်းရှိ ဆေးရုံများအားလုံးတွင် Positive လူနာ ၂၆၅၃ ဦး ကုသနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူ မြန်မာနိုင်ငံတဝန်းတွင် ကိုဗစ်အတည်ပြုလူနာအရေအတွက် နေ့စဥ် ၄၀၀၀ ကျော်တွေ့ရှိနေရပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသအသီးသီး၌ အောက်စီဂျင်လိုအပ်ချက်မြင့်မားလာကြောင်း သတင်များက ဖော်ပြသည်။

သို့ရာတွင် လတ်တလော မြန်မာနိုင်ငံအတွင်း အောက်ဆီဂျင်လုံလုံလောက်လောက်ရှိသည့် အနေအထားဖြစ်ပြီး အောက်ဆီဂျင်အိုးများကို လူတချို့ကလည်း ဝယ်ထားပြီး တချို့ကလည်း မသမာသည့်နည်းဖြင့် နိုင်ငံရေးအရအမြတ်ထုတ်လိုသောကြောင့် အောက်ဆီဂျင်အိုးများဝယ်ထိန်းပြီး အောက်ဆီဂျင်ပြတ်သွားပြီ ဆိုသည့်ကောလာဟလထုတ်၍ လူအများအထိတ်တလန့်ဖြစ်စေရန် အနှောင့်အယှက်ပေးနေသည်ကို သတိပြုကြဖို့လည်း နစကကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားကြောင်း ယနေ့ (ဇူလိုင် ၁၃ ရက်) ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts