spot_img
Saturday, May 4, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးမြန်မာ့ငြိမ်းချမ်းရေးနဲ့ သံယံဇာတကျိန်စာ

    မြန်မာ့ငြိမ်းချမ်းရေးနဲ့ သံယံဇာတကျိန်စာ

    -

    နိုင်ကဆုမွန်

     တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော ပြည်ထောင်စု မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှနိုင်ငံများထဲတွင် သဘာဝသံယံဇာတ ပေါကြွယ်ဝဆုံး နိုင်ငံဖြစ်ပြီး၊ တချိန်တည်းမှာပင် ပြည်တွင်းစစ် အရှည်ကြာဆုံး နိုင်ငံဖြစ်ပါသည်။ ပြည်တွင်းစစ် နှစ် (၇၀) မှာ အဓိကအားဖြင့် လွတ်လပ်ရေးရရှိပြီး ဖဆပလ ဦးဆောင်တဲ့ အစိုးရ (၁၀) နှစ်တာ ဦးဆောင်သည့် ကာလက လွဲပြီး ကျန်သည့် ကာလများမှာ တပ်မတော်က ဦးဆောင်တဲ့ ဆက်စပ်တဲ့ အစိုးရတွေ အုပ်ချုပ်ခဲ့ပါသည်။

    ၎င်းကာလများမှာ တပ်မတော်မှ တိုင်းရင်းသားလက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများအား တိုက်ခိုက်ပြီး၊ သံယံဇာတ ကြွယ်ဝသည့် တိုင်းရင်းသားနယ်မြေတွေကို ထိန်းချုပ်ရင်း တပ်မတော်ခေါင်းဆောင်တွေရဲ့ စီးပွား ဥစ္စာ ပစ္စည်းတွေ တိုးပွားလာတာ ဖြစ်ပါသည်။ ထို့အတူ တပ်မတော် ခေါင်းဆောင်များ၏ အကျိုးစီးပွားကို (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့် ကာကွယ်ထားပါသည်။

    သာမာန်ပြည်သူတွေ မသိနိုင်သည့် တပ်မတော်ခေါင်းဆောင်များ၏ ဥစ္စာဓန ပိုင်ဆိုင်မှု၊ တိုင်းရင်းသားဒေသရှိ မြေယာနှင့် သံယံဇာတရယူလိုမှုတွေကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို ရှည်လျားစေပြီး၊ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ အာဏာသိမ်းမှုများသည် ၎င်းတို့ ၏ အကျိုးစီးပွားတွေကို ကာကွယ်ရန်အတွက် ဖြစ်နိုင်ကြောင်း ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့ တွင် ထုတ်ပြန်သည့် နိုင်ငံတကာ သံယံဇာတ စောင့်ကြည့်ရေးအဖွဲ့ Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

    Global Witness ၏ အစီရင်ခံစာကတော့ အဓိကအားဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်း ဖားကန့် ဒေသ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများသည် တပ်မတော်ခေါင်းဆောင်တွေက နေပြီးတော့ လက်ဝါးကြီးအုပ်ထားသည့် ကိစ္စရပ်တရပ်ကို ဥပမာတခုဖွယ် ဖော်ပြထားပါသည်။ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းဟာ တပ်မတော်ခေါင်းဆောင် အထူးသဖြင့် လက်ရှိ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ အစုရှယ်ယာများစွာ ရှိနေပြီး၊ ၎င်းတို့ မိသားစုအတွက် အကျိုးအမြတ်အများအပြား ရရှိစေပါသည်။

    တပ်မတော်ခေါင်းဆောင်များ၏ ကျောက်စိမ်းလုပ်ငန်းတွင် စီးပွားရေးအရ ပါဝင်ပတ်သက်နေသည်မှာ (၂၀၁၀) မတိုင်ကပင် ဖြစ်ပါသည်။ Global Witness ၏ လေ့လာချက်အရ တပ်မတော်ခေါင်းဆောင်များမှ ဖားကန့် ကျောက်စိမ်းလုပ်ငန်းများကို စတင် ထိန်းချုပ်ခဲ့တာ နှစ် (၂၀) လောက်ရှိပြီ ဖြစ်ပါသည်။ သက္ကရာဇ်ခုနှစ် (၂၀၀၀) ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီ စစ်အစိုးရ လက်ထက်တွင် စစ်ခေါင်းဆောင်များမှ တရုတ် စင်ကာပူ ထိုင်း စသည့် ကျောက်စိမ်းဝယ်ယူသော ကုမ္မဏီများနှင့် အဆက်အသွယ် ရရှိပြီး ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းကို နိုင်ငံတော်ကနေ ဦးဆောင်ပါသည်။ ကျောက်စိမ်းပြပွဲများကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ပါသည်။ ၂ပ၀၀ ခုနှစ် နောက်ပိုင်းတွင် တပ်မတော်ခေါင်းဆောင်များမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် တရုတ်ကုမ္မဏီများနှင့် ပူးပေါင်းပြီး၊ ဥပဒေအရ မြန်မာနိုင်ငံသားပိုင် ကုမ္မဏီများ ထူထောင်ပြီး အစုရှယ်ယာများဖြင့် ပါဝင်ခဲ့ပါသည်။

    ထို့ကြောင့်၊ မြန်မာနိုင်ငံ အနှံအပြားတွင် ရှိသည့် ဆင်းရဲသားပြည်သူအများအပြားမှာ ကျောက်စိမ်းတူးဖော်ရန် ဖားကန့် ဒေသသို့ သောင်းဂဏန်းချီ ရောက်ရှိသွားရပါသည်။ ၎င်းတို့ကို ရေမဆေးကျောက်တူးသမားဟု ခေါ်ကြပါသည်။ ကျောက်စိမ်းရှိရာ တောင်များတွင် ကျောက်တူးရင်း မြေပြိုကျပြီး သေဆုံးသွားသူများ ရှိသကဲ့သို့ ကျောက်စိမ်းရပြီး တရုတ်နှင့် တပ်မတော်ခေါင်းဆောင်များပိုင် ကုမ္မဏီများအား ရောင်းချပြီး ချမ်းသာသွားသူများလည်း ရှိပါသည်။ နောက်ဆုံး ကျောက်စိမ်းတွေကို ပုံသွင်းပြီး နိုင်ငံခြားကုမ္မဏီတွေကို ဒေါ်လာငွေဖြင့် ပြန်လည် ရောင်းချသည့် ကုမ္မဏီပိုင်ရှင်တွေကသာ ပိုမိုပြီး ချမ်းသာလာပါသည်။ သို့သော် သံယံဇာတမြေကို ပိုင်ဆိုင်သည့် ကချင်ဒေသခံ ပြည်သူတွေအတွက် ခံစားခွင့် အနည်းအငယ်သာ ရှိပေသည်။

    နောက်ပြီး၊ ဖားကန့် ဒေသတွင် ကျောက်တူးသည့် ဆင်းရဲသား လက်လုပ်လက်စား ရေမဆေးကျောက်တူးသမားများ အသက်ဆုံးရုံးမှု ရှိပါသည်။ သဘာဝပတ်ဝန်းကျင်လည်း အကြီးအကျယ် ပျက်စီးပါသည်။ နှစ်တိုင်း အလိုလိုပင် ရေကြီး တောင်ပြိုမှုများကြောင့် လူ့ အသက်များ ဆုံးရှုံးရပါသည်။ တချိန်တည်းတွင် ၎င်းကျောက်မိုင်းများတွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းချမှုများ ရှိနေသည်ကို တွေ့ ရပါသည်။

    Global Witness ၏ လေ့လာချက်အရ (၂၀၁၆) ခုနှစ် NLD အစိုးရလက်ထက်တွင် ဖားကန့် ကျောက်မိုင်းကိစ္စအား ပြန်လည် ကိုင်တွယ်ရန် လုပ်ဆောင်ခဲ့ပါသည်။ ပိုမို ပွင့်လင်းမြင်သာရန် ကြိုးပမ်းလာပါသည်။ ကျောက်မိုင်းလုပ်ငန်းတွင် ထုတ်ထားသည့် လိုင်စင်များ အလွန်ပင် များပြားနေပြီး ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေခဲ့ပါသည်။ စစ်တပ်နှင့် အဆက်အစပ်ရှိသည့် ကုမ္မဏီအများအပြားမှာ အခွန်အကောက် မပေးပဲ ရှိနေခဲ့ပါသည်။ နိုင်ငံတော်အတွက် ဝင်ငွေတွေ အများကြီး လျော့ကျသွားသည်။ ၎င်းအပြင် သဘာဝပတ်ဝန်းကျင်ကိစ္စများကို ကိုင်တွယ်ရန် ကြိုးစားနေပါသည်။ မြန်မာနိုင်ငံသည် သံယံဇာတထုတ်လုပ်ရေး ပွင့်လင်းမြင်သာရေး နိုင်ငံတကာအဖွဲ့ (EITI) ၏ အဖွဲ့ ဝင်ဖြစ်သောကြောင့် ကျောက်မိုင်းကိစ္စများကို ဖြေရှင်းဖို့ ကြိုးပမ်းသည့်အခါ စစ်တပ်နှင့် ထိပ်တိုက် ဖြစ်ခဲ့ပါသည်။

    စစ်ဆေးချက်အရ အခွန်အကောက်တွေ မပေးသည့် ကုမ္မဏီများမှ စစ်တပ်နှင့် ဆက်စပ်နေသည့် ဖြစ်ပါသည်။ အခွန်အကောက်အား စစ်ဆေးနေဆဲ ကာလတွင် အခွန်မပေးသေးသည့် ကုမ္မဏီများအား လိုင်စင်အသစ်တင်ရန် ရပ်ဆိုင်းလိုက်ပါသည်။  ထို့ကြောင့် ၎င်းကိစ္စနှင့် ပတ်သက်ပြီး NLD အစိုးရအပေါ် တပ်မတော်ဘက်မှ မကျေနပ်မှု များလာပြီး၊ ကျောက်စိမ်း တူးဖော်ရေးဥပဒေကို (၂၀၁၉) တွင်မှသာ ပြဌာန်းနိုင်ခဲ့ပါသည်။

    တဖက်ကနေ ပြန်ကြည့်မည် ဆိုပါက သံယံဇာတ စီမံခန့်ခွဲရေး၊ ပိုင်ဆိုင်ရေးနှင့် အကျိုးအမြတ်ရရှိရေးတို့ ကြောင့် တပ်မတော်ခေါင်းဆောင်များမှ အာဏာသိမ်းလိုက်ခြင်း ဖြစ်နိုင်ပါသည်။ ဒီမိုကရေစီအစိုးရလက်အောက်တွင် ဥပဒေတွေ နည်းလမ်းတွေ လွတ်လပ်စွာ ပြိုင်ဆိုင်မှုနဲ့ ပွင့်လင်းမြင်သာမှုတွေ ဖြစ်ပေါ်လာသည့်အခါ တပ်မတော်စစ်ခေါင်းဆောင်တွေအနေဖြင့် ကျောက်စိမ်းလုပ်ငန်းအပေါ်မှာ လက်ဝါးကြီးအုပ် အကျိုးအမြတ်ရရှိရန် ခက်ခဲလာပါသည်။

    ထို့ အပြင် ပင်လုံငြိမ်းချမ်ရေးညီလာခံ ဆွေးနွေးပွဲတိုင်းတွင် မြေယာနဲ့ သံယံဇာတကိစ္စရပ်များအား တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားတွေ စီမံခန့် ခွဲပိုင်ခွင့် တောင်းဆိုခဲ့ပါသည်။ တောင်းဆိုချက်တိုင်းတွင် တပ်မတော်အစုအဖွဲ့ အနေဖြင့် ကန့် ကွက်ခဲ့ပါသည်။ (၂၀၀၈) ဖွဲ့စည်းပုံ အတိုင်း ဗဟိုချုပ်ကိုင်သည့် ပုံစံဖြင့် ဆက်လက်ပြီး သံယံဇာတများအား စီမံခန့် ခွဲလိုပေသည်။

    စစ်တပ်အာဏာသိမ်းပြီးသည့်အခါ စစ်တပ်နှင့် စစ်တပ်ကုမ္မဏီများဟာ ဖားကန့် ဒေသကို အမြန်သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ပါသည်။ တဖက်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ မိမိတို့ ဆုံးရှှုံးသွားတဲ့ ဖားကန့် ဒေသကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားနေပါသည်။  အမှန်အားဖြင့် ပထဝီအနေအထားအရ ဖားကန့်ဒေသက သံယံဇာတများကို ကချင်လူမျိုးများမှ ပိုင်ဆိုင်သော်လည်း ကချင်လူမျိုးတွေ ဖန်တီးပြဌာန်းပိုင်ခွင့် မရှိပေ။

    ပြီးခဲ့သည့် ကာလတွေများတွင်လည်း တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် မြေဧက သိန်းဂဏာန်းချီ သိမ်းဆည်းခဲ့ပါသည်။ တပ်တည်ဆောက်ရန် ကိစ္စတင်မကပဲ သံယံဇာတ ပေါကြွယ်ဝသည့် ဒေသတွေမှာ စစ်တပ်မှ သွားရောက်သိမ်းယူပြီး နောက်ပိုင်းတွင် စစ်တပ်ကုမ္မဏီများ ခရိုနီတို့ မှာ ၎င်းတို့ ရောက်ရှိပြီး မြေများကို ရယူခဲ့ပါသည်။

    ထို့ ကြောင့် ယနေ့ အာဏာသိမ်းမှုနှင့် စစ်တပ်မှ သံယံဇာတများပေါ် လက်ဝါးကြီးမှုနှင့် ဆက်စပ်ပြီး တိုင်းရင်းသားပြည်သူများ လိုလားသည့် ဖက်ဒရယ်ပုံစံ အာဏာနဲ့ သံယံဇာတခွဲဝေမှု၊ နိုင်ငံံသားများ အားလုံး လိုလားသည့် လွတ်လပ်သည့် လွတ်လပ်စွာ ပြိုင်ဆိုင်သည့် ဈေးကွက် စီပွားရေးစနစ် ရရှိရန် ခက်ခဲနေဦးမည် ဖြစ်ပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts