HomeCovid 19သံဖြူဇရပ်မြိုနယ်အတွင်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု

သံဖြူဇရပ်မြိုနယ်အတွင်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု

-

မော်လမြိုင်၊ ဇွန် ၃၀

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာသောကြောင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဇွန်လ ၂၉ ရက်က စာထုတ်ခဲ့သည်။


သံဖြူဇရပ်မြို့နယ်အတွင်း ဇွန်လ ၂၉ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၁၆၅ ဦးထိ တွေ့ရှိခဲ့ပြီး သေဆုံးသူ နှစ်ဦး ရှိခဲ့သဖြင့် မြိုနယ်အတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ ဘီယာ၊အရက်ဆိုင်  အပါအဝင် ဆိုင်များအားလုံး ဆိုင်ထိုင် စားသောက်ရောင်းချမှု မပြုလုပ်ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချဖို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သံဖြူဇရပ်မြို့ခံ ကိုဗိုလ်ဆန်းက “ကျွန်တော်တို့ သံဖြူဇရပ်ကတော့ အခြေအနေ ဆိုးလာတယ်။ တစ်ယောက်တွေ့လို့ မိသားစုကို စစ်ရင် တစ်အိမ်လုံး ကူးနေတာမျိုးဖြစ်နေတယ်။ စာထုတ်တာအပြင် တင်းကြပ်တဲ့ အရေးယူမှုတွေပါ ဆက်လက်ဆောင်ရွက်ဖို့ လိုပါတယ်”ဟု ပြောသည်။

သို့ရာတွင် ကူးစက်မှု မြင့်တက်လာသော်လည်း လူအများအပြင်ထွက်သွားလာမှု မပြတ်ဘဲ တစ်ချို့ဆို Mask တပ်ဆင်ခြင်းမရှိတာကို တွေ့ရကြောင်း ဆက်ပြောသည်။

သံဖြူဇရပ်မြို့ခံ မနွေးနွေးထက်က “အရင်တုန်းကလို Mask မတပ်ရင် ဒဏ်ငွေရိုက်တာ၊ လမ်းတွေထဲမှာ စစ်ဆေးတာတွေ ပြန်လုပ်စေချင်တယ်။ စာထုတ်ပြီးပြီဆိုတော့ ဆိုင်ထိုင်ခွင့်ပေးရင် အရေးယူတာတွေကိုပါ ထိထိရောက်ရောက် ဆက်လုပ်စေချင်တယ်။ ဥပဒေနဲ့ပါ လုပ်မှ လိုက်နာကြမယ်ထင်တယ်။ မဟုတ်ရင် အလေးမထားတာနဲ့ တစ်မြို့လုံး ကိုဗစ်ကူးကုန်မှာပဲ”ဟု ဆိုသည်။

ထို့အတူ လူစုလူဝေးမလုပ်ရန်၊ မဖြစ်မနေ Mask တပ်ဆင်ရန် ပိုမိုကြပ်မတ် ဆောင်ရွက်စေလိုကြောင်း၊ ပြည်သူတွေအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဖို့ လိုအပ်ပြီး ကိုယ့်မိသားစုကို မကူးစက်စေဖို့ ကိုယ်တိုင်ကာကွယ်ထားရမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း သံဖြူဇရပ်မြိုနယ် အတွင်းရှိ အောင်မင်္ဂလာ (၃) ရပ်ကွက်၊ အလယ်ဘလောက် (အိမ်အမှတ် မ- ၁၉ မှ မ- ၅၀)အကြားကို အဝင်အထွက် ကန့်သတ်သည့်နေရာ (Lock down) အဖြစ် ဇွန်လ ၂၄ရက်က သတ်မှတ်ခဲ့သည်။


စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ယမန်နေ့တစ်ရက်တည်းတွင် ကိုဗစ်ပိုးတွေ့ရှိသူအရေအတွက် သံဖြူဇရပ် (၂၀) ဦး၊ မော်လမြိုင် (၁၅) ဦး၊ ဘီးလင်း (၈) ဦး၊ ပေါင် (၄) ဦး၊ သထုံ (၂) ဦး၊ ကျိုက်ထို(၂) ဦး၊ ရေး (၂) ဦးနှင့် ကျိုက်မရော (၂) ဦး စုစုပေါင်း မွန်ပြည်နယ်အတွင်း (၅၅) ဦး ရှိခဲ့သည်။

ထို့အတူ နိုင်ငံတဝန်း ၂၄နာရီ အတွင်း စစ်ဆေးမှုတွေအရ ကိုဗစ်တတိယလှိုင်းကာလအတွင်း စံချိန်တင်ရလောက်အောင် အတည်ပြုလူနာ ၁၃၁၂ ယောက် အများဆုံးထပ်တွေ့ခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၂၉ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts