Homeသတင်းအဝေးသင်တက္ကသိုလ် သင်တန်းသားများ ဇူလိုင်လတွင် ကျောင်းအပ်လက်ခံသွားမည်

အဝေးသင်တက္ကသိုလ် သင်တန်းသားများ ဇူလိုင်လတွင် ကျောင်းအပ်လက်ခံသွားမည်

-

မွန်သတင်းအေဂျင်စီ (၂၉ ဇွန် ၂၀၂၁)

၂၀၂၁ ပညာသင်နှစ် အဝေးသင်တက္ကသိုလ်အသီးသီးမှ သင်တန်းသားများ ဇူလိုင်လလယ်ခန့်တွင် စတင်၍ ကျောင်းအပ်ခြင်း၊ ကျောင်းပြောင်းခြင်း၊ မေဂျာပြောင်းလဲခြင်းနှင့် စာစဉ်ထုတ်ယူခြင်းများ ပြန်လည်လက်ခံမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်အဝေးသင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက “လောလောဆယ်တော့ ကျောင်းအပ်ဖို့ပဲ ညွှန်ကြားထားတယ်။ အခြားကျောင်းတက်ရက်တွေတော့ တိတိကျကျဘာမှ မပြောလာသေးဘူး။ ရောဂါအခြေအနေတွေလည်း ရှိသေးတယ်ဆိုတော့” ဟု ဆိုသည်။

ယခင်ကျောင်းမပိတ်ခင် ကျောင်းအပ်နှံထားသူများသည် ပြန်လည်အပ်ရန်မလိုကြောင်းနှင့် စာစဉ်ဖြေဆိုပြီးသူများနေဖြင့် ယခင်စာစဉ်များကိုသာ အမှတ်ပေးသွားမည်ကြောင်း မော်လမြိုင်အဝေးသင်ဌာနခွဲမှ သိရသည်။

သိပ္ပံဘာသာရပ်(ပထမအသုတ်)ကို သင်တန်းကာလ၏ စနေနှင့် တနင်္ဂနွေရက်များတွင် တက်ရောက်စေပြီး အောက်တိုဘာလ ပထမအပတ်နှင့် ဒုတိယအပတ်တွင်စာမေးပွဲကာလဖြစ်ပြီး ဝိဇ္ဇာတွဲ(ဒုတိယအသုတ်)ကို အောက်တိုဘာလ တတိယအပတ်တွင် အနီးကပ် ၁၀ ရက်တက်ရောက်ရမည်ဖြစ်၍ စာမေးပွဲကာလကို နိုဝင်ဘာလ ပထမအပတ်တွင် ဖြေဆိုရမှာဖြစ်ကြောင်း အဝေးသင်ဌာန အသီးသီး၏ လျာထားထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ ဝိဇ္ဇာတွဲ့(တတိယအသုတ်)ကိုလည်း နိုဝင်ဘာလ ဒုတိယအပတ်နှင့် တတိယအပတ်တွင် အနီးကပ်တက်ရောက်ရမည်ဖြစ်၍ စတုတ္တအပတ်တွင် စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်းလည်း သိရသည်။

မော်လမြိုင်အဝေးသင်တက္ကသိုလ် တတိယနှစ် ကျောင်းသားတစ်ဦးက “သိပ္ပံတွဲကနေစပြီးတော့ စဖွင့်သွားမယ်လို့တော့ကြားတယ်။ ကျောင်းတက်မတက်ဆိုတာက ကိုယ့်ရဲဆန္ဒနဲ့ကိုယ်ပေါ့နော်။ day သမားတွေတောင်တက်မဲ့သူမရှိဘူးဆိုတော့ အဝေးသင်လည်း နည်းမယ်ထင်တယ်” ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်ရှိ နောက်ဆုံးနှစ်ကျောင်းသားများ ကျောင်းတက်ရန် မေလ ၅ ရက်တွင် ပြန်လည်ဖွင့်လိုက်သော်လည်း ကျောင်းသား၊ ကျောင်းသူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ တက်ရောက်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ စတင်တွေ့ရှိခြင်းကြောင့် မော်လမြိုင်တက္ကသိုလ်တွင် ကျင်းပလျှက်ရှိသော ပထမနှစ်ဝက် စာမေးပွဲအားလုံးနှင့် အဝေးသင်သင်တန်း၏ ကိစ္စရပ်များအားလုံးကို ၂၀၂၀ ခုနှစ် မတ်လ (၂၄) ရက်နေ့က စတင်ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

လက်ရှိ ကိုဗစ်တတိယလှိုင်း တစ်ကျော့ပြန်ကူးစက်မှုတွင်လည်း မော်လမြိုင်က္ကသိုလ်အတွင်း ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများအပါဝင် စုစုပေါင်း တစ်ရာကျော် ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း မော်လမြိုင်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts