Homeသတင်းရေးမြို့နယ် သောင်ပြင်ကျေးရွာ နေအိမ် ၈ လုံး မီးကူးစက်လောင်ကျွမ်းခံရ

ရေးမြို့နယ် သောင်ပြင်ကျေးရွာ နေအိမ် ၈ လုံး မီးကူးစက်လောင်ကျွမ်းခံရ

-

မွန်သတင်းအေဂျင်စီ (၂၉ ဇွန် ၂၀၂၀)

ရေးမြို့နယ် သောင်ပြင်ကျေးရွာတွင် ယနေ့ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်က လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ နေအိမ် ၈ လုံး မီးကူးစက်လောင်ကျွမ်းခံရကြောင်း ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ရေးမြို့နယ်မီးသတ်ဌာနမှ ဦးစီးမှုး ဦးဝင်းမြင့်နိုင်က “မီးကူးစက်ခံရတဲ့ နေအိမ် ၈ လုံးထဲမှာမှ ၂ လုံးကတော့ မီးထဲအကုန်ပါသွားတယ်၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ အားလုံးပေါင်း သိန်း ၅၀ နီးပါး (၄,၉၇၅,၀၀၀) လောက်ရှိတယ်။ အခြားလူနဲ့ တိရစ္ဆာန်ကတော့ ထိခိုက်မှု မရှိပါဘူး” ဟု ဆိုသည်။

သောင်ပြင်ကျေးရွာ အကွက် (၃) နေ ဦးလော့၏ RC နှစ်ထပ်သွပ်မိုး နေအိမ်အပေါ်ထပ်မှ လျှပ်စစ်မီး ဝါယာရှော့ဖြစ်ပြီး မီးကူးစက်လောင်ကျွမ်းရာမှ လမိုင်းမြို့ နယ်မြေခံမီးသတ်ဌာနမှ အရန်မီးသတ်ဖွဲ့ဝင် ၂၅ ဦးနှင့်အတူ မီးသတ်ယာဉ် ၁၀ စီးဖြင့် မနက် ၁၀ နာရီခွဲခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

 “အခုတော့ မီးသတ်ဌာနကနေပြီးတော့ ဦးလော့ကို တရားဥပဒေအရ ပုဒ်မ ၂၈၅ နဲ့ အရေးယူထားတယ်။  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာမှာ စာတင်ထားတာရှိတယ်။ အဲ့ကနေပြီးတော့ လိုအပ်တဲ့ထောက်ပံ့မှုတွေ ရလာမှာပေါ့၊ ဌာနဆိုင်ရာပေါင်းစုံကရော ဒေသခံတွေကပါ လိုအပ်တာတွေ ဝိုင်ဝန်းလုပ်ဆောင်ပေးတယ်” ဟု ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး ကဆိုသည်။

ယနေ့သောင်ပြင်ကျေးရွာ မီးလောင်မှုသည် ၂၀၂၁ ခုနှစ်တွင် ရေးမြို့နယ်အတွင်း ပထမဆုံးအကြိမ် မီးလောင်မှုဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပရဟိတသမားများက ယင်းမီးဘေးသင့်သူများအတွက် ကူညီထောက်ပံ့နိုင်ရန် မွန်အဖွဲ့အစည်းများက ရန်ပုံငွေ ကောက်ခံခြင်း၊ နှိုးဆော်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရသည်။

Caption; သောင်ပြင်ကျေးရွာ မီးလောင်ကျွမ်းပျက်စီးသွားသော နေအိမ်များ (Facebook)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts