spot_img
Saturday, February 28, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် ၁ သိန်းခွဲကျော်တိုးလာကြောင်း ISP-Myanmar အစီရင်ခံစာထုတ်ပြန်

    စစ်အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် ၁ သိန်းခွဲကျော်တိုးလာကြောင်း ISP-Myanmar အစီရင်ခံစာထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၂၅ ဇွန် ၂၀၂၁)

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲ (၁၅၀,၈၄၆) ကျော်တိုးလာကြောင်း ဇွန်(၂၄) ရက်က ထုတ်ပြန်သော Institute for Strategy and Policy – Myanmar ၏ အစီရင်ခံစာတစ်ရပ်တွင် တွေ့ရသည်။

    ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း  တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ၄ လကျော်အတွင်း အရပ်သား ၁၁၆ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၀ ကျော်ရှိကြောင်း ISP-Myanmar က ဆိုသည်။

    “၂၀၂၀ ပြည့်နှစ်ကစပြီး အခု ၂၀၂၁ ခုနှစ် ဇွန် တတိယပတ် ကာလအထိ စစ်ပြေး ဒုက္ခသည် အရေအတွက်ကိုကြည့်ရင် ၇၂၅,၅၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၁၀၀,၀၀၀ ကျော်ဟာ ကယား ပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအပြီး ဘေးလွတ်ရာကို တိမ်းရှောင်လာကြတာပဲ ဖြစ်ပါတယ်။ ဒါက ကယားပြည်နယ်အတွင်း ရှိနေသူတွေထဲက သုံးပုံတပုံကျော်ဟာ စစ်ပြေးဒုက္ခသည် ဖြစ်လာကြတာ ဖြစ်ပါတယ်။ အလားတူ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၁၅,၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းမှာ ၁၅,၀၀၀ ကျော်၊ မကွေးတိုင်းမှာ ၁၀,၀၀၀ ကျော်နဲ့ ဧရာဝတီတိုင်းမှာ ၂,၀၀၀ ကျော်အထိ အသီးသီးရှိလာခဲ့ပါတယ်” ဟု ISP-Myanmar က ပြောသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း အပြန်အလှန်ပစ်ခတ်မှု အကြိမ် ၅၀၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု အများဆုံးမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

    “စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၄၉၉ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့ အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ KNU ရဲ့ထုတ်ပြန်ချက်ကို ကိုးကားထားတဲ့ KIC သတင်းဌာနဖော်ပြချက်အရ စစ်အာဏာ သိမ်းပြီးနောက် မေလအတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၉၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၂၈ ဦးသေဆုံးခဲ့ပြီး၊ ၁၈၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်”  ဟု ISP-Myanmar က ဆိုသည်။

    ထို့အပြင် ဧပြီလမှ စပြီး ဇွန် ၂၃ ရက်အထိ ချင်းပြည်နယ်၊ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ( ၂၂) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

    “အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း ၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့‌ရှ်နယ်စပ်၊ ဘင်္ဂလား ဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခ သည်ပေါင်း ၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်” ဟု ISP-Myanmar က ဆိုသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည်ရှိလာသလို ယခင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရသည့် ဒုက္ခသည် အရေအတွက်မှာလည်း ၉ သိန်းကျော်အထိ ရှိနေသည်ဟု စုစည်းတင်ပြထားသည်။

    အလားတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ Stéphane Dujarric က “ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း၊ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ခိုက်မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းကြား တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂ သိန်း ၃ သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတရပ်တွင် ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks