spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကုလားဂုတ်ကျွန်း လေယာဉ်ကွင်းတည်ဆောက်ရေး သိမ်းဆည်ခံလယ်ယာခြံမြေများ လျော်ကြေးငွေမရရှိသေးဟုဆို

    ကုလားဂုတ်ကျွန်း လေယာဉ်ကွင်းတည်ဆောက်ရေး သိမ်းဆည်ခံလယ်ယာခြံမြေများ လျော်ကြေးငွေမရရှိသေးဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၁ ဇွန် ၂၀၂၁)

    မောရဝတီရေတပ်စခန်းက တည်ဆောက်လျက်ရှိသည့် ရေးမြို့နယ် ကုလားဂုတ်ကျွန်း လေယာဉ်ကွင်းတည်ဆောက်ရေးစီမံကိန်းအတွက်  သိမ်းဆည်းခံလယ်ယာခြံမြေများ လျော်ကြေးငွေမရရှိသေးကြောင်း နစ်နာသူဒေသခံများက ဆိုသည်။

    ကုလားဂုတ်ကျွန်း အပေါ်ဆိပ်ဆရာတော်က “ရေတပ်တာဝန်ရှိသူတွေ လာပြီးတော့ ပြောသွားပါတယ်၊ ရွာကဆုံးရှုံးသွားတဲ့ပိုင်ရှင်တွေနဲ့ ညှိနှိုင်းမှာပေါ့နော်၊ သူတို့ပြောတာတော့ သူတို့လျော်ကြေးပေးမယ် အာမခံတယ်တဲ့၊ သူတို့ စီစဉ်ပေးမယ်လို့ ပြောတယ်၊ ဒါပေမယ့် ဒီနှစ်ဘတ်ဂျက်မှာ မပါခဲ့သေးဘူးလို့ပြောတယ်၊ ဘယ်အချိန်ပေးဖြစ်မလဲတော့ မသိရပါဘူး” ဟု မိန့်ကြားသည်။

    အဆိုပါလေယာဉ်ကွင်းတည်ဆောက်ရာတွင် ဒေသခံတို့၏လယ်ယာမြေ၊ ခြံမြေဧက ၃၀၀ နီးပါး သိမ်းဆည်းခံရလိုက်ရကြောင်း၊ လျော်ကြေးငွေအဖြစ် လယ်ယာမြေတစ်ဧက ငွေကျပ်သိန်း ၅၀၊ ဥယျာဉ်ခြံမြေ တစ်ဧက ကျပ်သိန်း ၈၀ သတ်မှတ်ထားကြောင်း ပြီးခဲ့သည့်လအတွင်းက ရေတပ်အရာရှိတစ်ဦး လာရောက်ရှင်းလင်းပြောကြားခဲ့သည်ဟု နစကစစ်ကောင်စီအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

    ဥယာဉ်ခြံမြေဆုံးရှုံးခဲ့ရသူတစ်ဦးက “ဒီခြံအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းနေရတယ်၊ ခြံမြေပါသွားတော့ အများကြီးနစ်နာတယ် အခက်အခဲ အများကြီးဖြစ်သွားတာပေါ့နော်၊ ကျနော်တို့ခြံမြေရဲ့ ထိုက်သင့်တဲ့တန်ဖိုး ရချင်တာပေါ့နော်၊ ဒါမှ တခြားလုပ်ငန်းတွေ ကျနော်တို့ ပြောင်းလုပ်လို့ရမှာ” ဟု ဆိုသည်။

    အဆိုပါ လေယာဉ်ကွင်းတည်ဆောက်ရေးကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ကားလမ်းစတင်ဖောက်လုပ်ခဲ့၍ ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ရပ်နားခဲ့ရာမှ ယခုအခါပြန်လည်အကောင်အထည်ဖော်လာခြင်း ဖြစ်သည်။

    လက်ရှိကုလားကုတ်ကျွန်းကျေးရွာအုပ်စုတွင် အောက်ဆိပ်၊ အလယ်ဆိပ်၊ အပေါ်ဆိပ်နှင့် ပသျှူးချောင်းကျေးရွာတို့တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ စုစုပေါင်းအိမ်ခြေပေါင်း (၁၀၀၀) ကျော်၊ လူဦးရေ (၄၀၀၀) ကျော်နေထိုင်လျက်ရှိပြီး ရေလုပ်ငန်းနှင့် လယ်ယာခြံမြေ စိုက်ပျိုးခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

    နိုင်ငံတော်ကာကွယ်ရေးမဟာဗျူဟာအရ ကုလားဂုတ်ကျွန်းတစ်ခုလုံး မြေ ၃၅၂၅ ဧကကို မောရဝတီရေတပ်စခန်းတပ်ပိုင်မြေအဖြစ် အစိုးရရုံးလုပ်ထုံးလုပ်နည်းများဖြင့် သိမ်းယူခဲ့ပြီး လိုအပ်ချက်ရှိသောအခါ ဒေသန္တရဈေးနှုန်းဖြင့် လျော်ကြေးငွေပေးချေ၍ ဖယ်ရှားမည်ဟု ၂၀၁၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ရှင်းလင်းပြောဆိုထားသည်။

    ကုလားကုတ်ကျွန်းသည် ရေးမြို့နယ်၊ ဘင်္ဂလားပင်လယ်အော်အတွင်း နှစ်ကရင်နှင့် ကော့ဒွတ်ကျေးရွာအနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တောင်နှင့်မြောက် အလျား ၉ မိုင်ခန့်၊ အကျယ် ၅ ဖာလုံခန့် ရှိသည့် ကျွန်းပြတ်တခုဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks