spot_img
Thursday, January 16, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးMUP အမတ်လောင်း လုပ်ကြံခံရမှုကို ဆက်လက်စုံစမ်းနေဟု မွန်ညီညွတ်ရေးပါတီပြော

    MUP အမတ်လောင်း လုပ်ကြံခံရမှုကို ဆက်လက်စုံစမ်းနေဟု မွန်ညီညွတ်ရေးပါတီပြော

    -

    မွန်သတင်းအေဂျင်စီ (၁၄ ဇွန် ၂၀၂၁)

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးမြို့အနီး မွန်ညီညွတ်ရေးပါတီ MUP အမတ်လောင်း လုပ်ကြခံရမှုကို ဆက်လက်စုံစမ်းလျှက်ရှိကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်တလညီက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နိုင်တလညီက “ဌာနဆိုင်ရာ (စစ်ကောင်စီ) တွေကို တင်ပြထားတယ် သက်ဆိုင်ရာက သူတို့လုပ်ငန်းကို သူတို့ဆောင်ရွက်နေပါတယ်၊ ဒါ့အပြင် ကျနော်တို့ပါတီဝင်တွေကိုလည်း တာဝန်ပေးအပ်ပြီးတော့ ဆောင်ရွက်နေတာရှိတယ်၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေနဲ့ ဆက်စပ်နေတော့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် မွန်ပြည်သစ်ပါတီကိုလည်း ကျနော်တို့အကူအညီတောင်းထားတယ်”ဟု ဆိုသည်။

    MUP ပါတီ ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုးသည် ဇွန်လ ၈ ရက်နေ့ညနေပိုင်းက ဘုရားသုံးဆူမြို့သို့သွားရောက်ရန် မော်တော်ကားမောင်းနှင်လာစဉ် ရွာသစ်ရွာနေအိမ်မှ ထွက်ခွာခဲ့ပြီးမိနစ်အတွင်း လမ်းမကြီးပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်သေဆုံးခဲ့ရခြင်းဖြစ်ပြီး ၎င်းကိစ္စအတွက် လက်သည်တရားခံကို ဆက်လက်စုံစမ်းရှာဖွေနေခြင်းဖြစ်သည်။

    သို့ရာတွင် အဆိုပါလုပ်ကြံသတ်ဖြတ်မှုအပေါ် ဘက်ပေါင်းစုံမှ စုံစမ်းရှာဖွေရရှိထားသောအချက်အလက်များအား မွန်ညီညွတ်ရေးပါတီမှ တရားဝင်ထုတ်ဖော်ပြောကြားခြင်း မပြုသေးပေ။

    ဘုရားသုံးဆူမြို့ မွန်ညီညွတ်ရေးပါတီဝင်တစ်ဦးက “သေနတ်ပစ်တဲ့နေရာတဝိုက်မှာ AK ကျည်ဆံအခွံ ၂ ခု ပြန်ကောက်ရခဲ့တယ်။ လူကိုသေနတ် ၃ ချက်ထိမှန်ထားတယ်၊ ကားမှန်ကိုထိပြီး လူကိုထိတာလို့ ကားပေါ်မှာသူနဲ့အတူ လိုက်ပါလာတဲ့ ခလေးတစ်ယောက်က ပြောတာ၊ ပစ်တဲ့လူက အပေါ့အပါးသွားသလိုနဲ့ လမ်းဘေးကနေထိုင်စောင့်နေတာကို ခလေးက လှမ်းတွေ့လိုက်တယ်၊  ပစ်တဲ့လူက တစ်ကိုယ်တော်ပဲတဲ့ ကားအလာကို ထိုင်စောင့်နေပြီး ကားအနီးရောက်လာတော့မှ မတ်တပ်ရပ်ပြီးပစ်ထည့်တာ ကားအရှိန်က ကီလိုမီတာ ၃၀-၄၀ လောက်ပဲ ရှိပါလိမ့်မယ်၊ အဲဒီမှာ ကားမောင်းတဲ့ မိဝေသီဖြိုးကို ကျည်ဆံထိမှန်ပြီး ခလေးအပေါ်လဲကျတာ၊ ခလေးကတော့ ဘာဒဏ်ရာမှမရပါဘူး”ဟု ဆိုသည်။

    ယင်းကဲ့သို့ အခင်းဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့တွင် စစ်ကောင်စီဘက်မှ ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနှင့် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ရှိပုဂ္ဂိုလ်များက လုပ်ကြံမှုဖြစ်ပွားခဲ့သည့်နေရာတဝိုက်သို့ သွားရောက်လေ့လာစုံစမ်းခဲ့ပြီး ရွာသစ်ရွာရှိ ကွယ်လွန်သူ မိဝေသီဖြိုး၏ မိဘများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်ဟု ၎င်းက ပြောသည်။ 

    ထို့အတူ မိဝေသီဖြိုး အပစ်သတ်ခံရတဲ့ကိစ္စတွင် နောက်ခံပါတီနိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအရဖြစ်စေ မလိုမုန်းတီး အာဃာတစိတ်ဖြင့် အငြိုးအတေးထား တိုက်ခိုက်ခဲ့မည်ဆိုပါက  လုံးဝစက်ဆုတ်ရွံရှာဖွယ်ကောင်းသည့် အပြုအမူဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးက ၎င်း၏ လူမှုကွန်ရက် Facebook ပေါ်တွင် မှတ်ချက်ပြုခဲ့သည်။

    ဒေါက်တာအောင်နိုင်ဦးက “ကျွန်တော်တို့ မွန်လူမျိုးတွေဟာ ခေတ်စနစ်အပြောင်းအလဲကြောင့် မတူညီတဲ့အမြင်သဘောထားတွေ ကွဲလွဲမှုတွေ ရှိခဲ့ကြပေမယ့် လူထုအဖွဲ့အစည်းများအကြား နားကြည်းမုန်းတီးမှု၊ သွေးထွက်သံယိုမှု၊ အသက်အန္တရာယ်မလုံခြုံမှု စတဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတရားများကို မဖြစ်ပေါ်စေဖို့၊ အဖုအထစ်အာဃာတကင်းတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာဖို့ရန် ဦးတည်လှုပ်ရှားဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့အချင်ချင်းများအကြား ရန်သူမဟုတ်သလို၊ နိုင်ငံအတွက် အကောင်းဆုံးဖြစ်တည်ရေးအတွက် ဆက်ပြီးကြိုးပမ်းသွားမှာ ဖြစ်ပါတယ်၊ မွန်လူထုကိုယ်စား ကျွန်တော့်အနေနဲ့ သက်ဆိုင်သူ အားလုံးအားလုံးကို အနူးညွတ်မေတ္တာရပ်ခံပန်ကြားလိုတာက စနစ်တကျဖြစ်မယ့် အသွင်ကူးပြောင်းရေးကို ရှေးရှုပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်” ဟု ဆိုသည်။ 

    အဆိုပါလုပ်ကြံမှုအား မွန်ပြည်သစ်ပါတီ နှင့် မွန်ညီညွတ်ရေးပါတီတို့က အကြမ်းဖက်မှုလုပ်ရပ်အဖြစ် သတ်မှတိံကြေညာချက်ထုတ်ပြန်ထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

    မွန်ညီညွတ်ရေးပါတီအနေဖြင့် နစကစစ်ကောင်စီတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းတံတားကိုလည်း နာမည်ပြောင်းလဲလိုက်သဖြင့် ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၏ ပစ်မှတ်များဖြစ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံမှ မွန်အမျိုးသား နိုင်ငံရေးပါရဂူတစ်ဦးက လုပ်ကြံမှုမဖြစ်ပွားမီရက်ပိုင်းတွင် မွန်သတင်းအေဂျင်စီသို့ သုံးသပ်ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,100SubscribersSubscribe
    spot_img

    Latest posts