spot_img
Saturday, January 31, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းနိုင်ငံရေးပါတီဝင်စာရင်းများ ပြုစုပြီးပေးပို့ရန် စစ်ကောင်စီ၏ UEC အကြောင်းကြား

    နိုင်ငံရေးပါတီဝင်စာရင်းများ ပြုစုပြီးပေးပို့ရန် စစ်ကောင်စီ၏ UEC အကြောင်းကြား

    -

    မွန်သတင်းအေဂျင်စီ (၁၁ မေ ၂၀၂၁)

    လက်ရှိကာလတွင် နိုင်ငံရေးပါတီများအားလုံး ပြောင်းလဲမှုများရှိနိုင်ခြင်းကြောင့် ပါတီဝင်အင်အားစာရင်းများ ပြုစုပြီးပေးပို့ရန် ဇွန်လ ၁၀ ရက်နေ့က အကြောင်းကြားထားသည်ဟု စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ သိရသည်။

    “ယခုအခါတွင် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများမျာ ပြောင်းလဲမှုများရှိနိုင်ခြင်း၊ လက်ရှိ စည်းရုံးရရှိထားသည့် ပါတီဝင် အင်အားစာရင်းများကို သိရှိရန်နှင့် စိစစ်ရန် ထပ်မံလိုအပ်လျက်ရှိခြင်းတို့ကြောင့် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့် ပါတီဝင်ဦးရေစာရင်းကို သတ်မှတ်ထားသည့် ပုံစံ (ဇ)နှင့်(ပုံစံ(ဇ)၏ ပူးတွဲ) နှစ်စုံ၊ ယင်း(ပုံစံ(ဇ)၏ ပူးတွဲ) Hard Copy ကို Soft Copy (Excel File) ပြုစု၍ (CD)ချပ်နှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၃၀-၉-၂၀၂၁ ရက်နေ့အရောက် နောက်ဆုံးထား ပေးပို့ကြရန်” UEC မှ အကြောင်းကြားထားသည်။

    ထို့အပြင် ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက တင်ပြရမည့်အင်အားသည် တစ်ထောင်ဖြစ်သော်လည်း လက်ရှိ စည်းရုံးရရှိထားသည့် အင်အားမှာ တစ်သောင်းဖြစ်ပါက ယင်းအင်အားစာရင်းကို တင်ပြရန် ဖြစ်သည်ဟု ဆိုသည်။

    သို့ရာတွင် မွန်ညီညွတ်ရေးပါတီမှ နုတ်ထွက်ထားသည့် ပါတီဝင်များစာရင်းကိုပေးပို့ထားပြီး ဖြစ်သည့်အတွက် အသစ်ပြန်လည် ပို့ပေးရန် မလိုအပ်တော့ဟု တွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်က ဆိုသည်။

    “အရင်ကတည်းက စာရင်းအတိုင်းပဲ လျော့တဲ့ဟာကိုလည်း စာရင်းပြုစုပြီး ပေးပို့ထားပြီးသားပဲ နုတ်ထွက်ထားတဲ့လူတွေကိုလည်း အားလုံးစာရင်းပေးပို့ထားပြီးသားပဲ၊ အသစ်ပြန်ပို့စရာမလိုပါဘူး၊ ပြီးခဲ့တဲ့ UEC လက်ထက်ကတည်းက ကျွန်တော်တို့ ပို့ထားတာ ၁၂၀၀ လောက်ရှိတယ်လေ၊ အခုလျော့သွားတာ တစ်ရာမှ မရှိတာ သူက တစ်ထောင်ပဲလေ ၁၂၀၀၊ ၁၄၀၀ တောင် ကျွန်တော်တို့ တင်ထားတယ်။ ဒီလောက်လျော့တာ ထပ်ပြီး တင်စရာမလိုပါဘူး။ မှတ်ပုံတင်ကျဖို့ကတည်းက အဲလိုတင်ထားပြီးသားပဲ၊ အသစ်ပြန်တောင်းတယ်ဆိုတာက ကျွန်တော်တို့ စာပြန်ဖို့ပဲ လိုတယ်” ဟု နိုင်စံတင်က ပြောသည်။

    နိုင်ငံရေးပါတီများသည် ပါတီမှတ်ပုံတင်ခွင့်ရပြီးသည့် အချိန်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ (စ)နှင့် နည်းဥပဒေ ၁၃ (က)တို့အရ ပါတီဝင်အင်အားများ စုစည်းပြီး သတ်မှတ်ထားသည့် ပါတီဝင်ဦးရေးကို UEC သို့ ပေးပို့ထားသော်လည်း လက်ရှိ ပါတီဝင်ဦးရေကို သိရှိနိုင်ရန် လိုအပ်သဖြင့် ပုံစံ(ဇ)ဖြင့် နှစ်စောင်ပြုစုပြီး ပေးပို့ရန် နိုင်ငံရေးပါတီအားလုံးကို အကြောင်းကြားထားသည်ဟု သိရသည်။

    ဆက်လက်ပြီး နိုင်စံတင်က “စာပြန်တဲ့အခါ ကျွန်တော်တို့ ပထမတင်ထားတဲ့ အင်အားစာရင်းအတိုင်းပဲ အဲတာဆို ရပြီ၊ သူတို့မှာ ရှိပြီးသားပဲ သူ့စာရင်း၊ သူတို့ အသစ်ပြန်တောင်းတယ်ဆိုတာ ပါတီဝင်အင်အားစာရင်းကိုမတောင်းပါဘူး ကျွန်တော်တို့ သိရသလောက်၊ အဓိက CEC စာရင်းပါပဲ။ တကယ်စာရင်းက သူတို့မှာ ရှိပြီးသားပဲ။ အမှန်မှာ အဲတာတွေလည်း ပို့စရာမလို့ဘူး။ CEC ဆီက သူတို့က Confirm ပြန်လုပ်တာပေါ့ဗျာ။ အရင်ကလိုပဲ ကိုယ်ရေးရာဇာဝင်လိုက်မေးတာပဲ အဲလိုပဲရှိတာပါ” ပြောသည်။

    လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ တည်ဆဲမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၉၃ ပါတီ ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks