Tuesday, March 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်နယ်တောင်ပိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားလာနိုင်ခြေနည်းပါးဟု ENAC အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန် သုံးသပ်

    မွန်ပြည်နယ်တောင်ပိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားလာနိုင်ခြေနည်းပါးဟု ENAC အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန် သုံးသပ်

    -

    မွန်သတင်းအေဂျင်စီ (၈ ဇွန် ၂၀၂၁)

    အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အနေဖြင့် မွန်ပြည်နယ်တောင်ပိုင်းဒေသ ပထဝီအနေအထားအရ ထိုးစစ်ဆင်ရန်မလွယ်ကူသည့်အတွက် တိုက်ပွဲများဖြစ်ပွားလာနိုင်ခြေအလွန်နည်းပါးကြောင်း တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန်က မွန်သတင်းအေဂျင်စီနှင့်အင်တာဗျူးတွင် သုံးသပ်ပြောဆိုခဲ့သည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေများကို ဖြတ်သန်းပြီးမှသာ မြို့ပေါ်ဒေသများရောက်ရှိနိုင်သကဲ့သို့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း PDF တပ်ဖွဲ့များလှုပ်ရှားခွင့်မရှိသည့်အတွက် ဆုတ်ခွာရန်လမ်းကြောင်းပိတ်ဆို့နေပြီး ထိုးစစ်ဆင်ရန် ဖြစ်နိုင်ခြေအလားအလာ အလွန်နည်းပါးကြောင်း  ဒေါက်တာပညာမွန်က ဆိုသည်။

    “မော်လမြိုင်ကနေ ရေးတောင်ဘက်ပိုင်းအထိ မော်လမြိုင်ခရိုင်တစ်ခုလုံးက မြို့ပေါ်တွေမှာတော့ တိုက်ပွဲကြီးတွေ ကယားပြည်နယ်မှာလို စစ်ကိုင်းဘက်မှာလို ဖြစ်လာဖို့မလွယ်ဘူးလို့ ကျနော့်အနေနဲ့ ယူဆတယ်၊ ဘာဖြစ်လို့စစ်ပွဲတွေဖြစ်လာဖို့ ခက်ခဲနေရသလဲဆိုရင် ပထဝီအနေအထားက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေကို ဖြတ်သန်းလာပြီးမှ မြို့ပေါ်ဝင်တိုက်လို့ရမယ့်အနေအထားပါ၊ တိုက်ပွဲတွေဖြစ်ပြီးလို့ ဆုတ်ခွာဖို့လမ်းကြောင်းမှာလည်း မွန်ပြည်သစ်ပါတီထောက်ခံမှုမရရင် လက်မခံရင် လုံးဝမဖြစ်နိုင်တဲ့အနေအထားပါ” ဟု ဆိုသည်။

    သို့ရာတွင် NLD ပါတီထောက်ခံမှုအင်အားကောင်းသည့် မွန်ပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သော သထုံ၊ ကျိုက်ထို၊ ဘီးလင်းမြို့နယ်များတွင် တိုက်ပွဲဖြစ်ပေါ်နိုင်မည့် အလားအလာများ တွေ့ရှိရကြောင်း ၄င်းက ဆက်ပြောသည်။

    ဒေါက်တာပညာမွန်က “မွန်ပြည်နယ်အနေအထားနဲ့ တွက်ကြည့်ရင်လည်း မြောက်ပိုင်းဒေသမှာက NLD ထောက်ခံသူတွေများတယ်၊ ဒါကြောင့် PDF အင်အားလည်း များနိုင်ပါတယ်၊ နောက်တစ်ချက်က စစ်ရေးလှုပ်ရှားမှုတွေမှာ ကရင်တပ်ဖွဲ့တွေ ပါဝင်လှုပ်ရှားပြီး ထောက်ပံ့မှုတွေပေးနေတယ်၊ ဒါကြောင့် သထုံဘက်က PDF တွေအင်အားကြီးလာပြီး ကရင်လက်နက်ကိုင်အဖွဲ့ ထောက်ပံ့မှုနဲ့ မြို့ပေါ်တွေမှာ စစ်ဆင်ရေးလုပ်လာနိုင်တဲ့အလားအလာရှိလာနိုင်တယ်၊ တိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်” ဟု ဆိုသည်။  

    အကယ်၍ PDF တပ်ဖွဲ့များ အင်အားကြီးထွားလာပါက စစ်ကောင်စီတပ်ဖွဲ့နှင့် နေရာဒေသမရွေး တိုက်ပွဲများဖြစ်ပွားလာနိုင်သလို မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့သည်လည်း စစ်ပွဲများမှ ရှောင်းလွှဲ၍ရနိုင်တော့မည်မဟုတ်ကြောင်း သြစတေးလျနိုင်ငံရောက် ၈၈ မျိုးဆက် မွန်ကျောင်းသားဟောင်း နိုင်ဝင်းနိုင်က မွန်အမျိုးသားကွန်ရက်စကားဝိုင်းတွင် သုံးသပ်ခဲ့သည်။

    “ရှောင်လွှဲလို့မရပါဘူး တကယ်လို့ PDF တွေအားကောင်းလာရင် လက်နက်ကိုင်အဖွဲ့ကြီးတစ်ခုလို ဖြစ်လာနိုင်တယ်၊ သူတို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်လာတဲ့အခါ ကိုယ့်ဘက်ကိုလည်း ကူးစက်လာမှာပါ၊ ကိုယ့်အိမ်အနီးအနားမှာ မီးလောင်နေတာ ကိုယ့်အိမ်မီးမကူးနိုင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး၊ ပြီးတော့ ကျနော်တို့ မွန်ဒေသတစ်ခုလုံးကို လုံးဝယင်မနားအောင် ဖုံးအုပ်ကာထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ စစ်ပွဲတွေ အချိန်မရွေးကူးစက်လာနိုင်တယ် အဲဒီလိုကူးစက်လာတဲ့အခါ ဖြစ်ပေါ်လာနိုင်မယ့် အန္တရယ်က မွန်ပြည်သစ်ပါတီ သဘောထားအပေါ် သိပ်ကိုမူတည်နေမှာပါ” ဟု နိုင်ဝင်းနိုင်က ဆိုသည်။

    သို့ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရအဖွဲ့တွင် မွန်တိုင်းရင်းသားဝန်ကြီး ၃ ဦးပါဝင်လျက်ရှိရာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နိုင်ကောင်းရွက် (မွန်ပြည်သစ်ပါတီ အငြိမ်းစား ဗိုလ်မှူးကြီးဟောင်း) ပါဝင်လျက်ရှိပြီး တဖက်တွင်လည်း မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဗညားအောင်မိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။

    ယခင် နဝတစစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ် ဇွန်လ (၂၉) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲခဲ့သည့်ကာလမှ ယနေ့အထိ မွန်ပြည်နယ်အတွင်း တိုက်ပွဲကြီးငယ်များ ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks