Tuesday, March 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး(၂၆၄) နှစ်မြောက် မွန်နေပြည်တော် ဟံသာဝတီပျက်သုဉ်းခြင်း အောက်မေ့ဖွယ်အခမ်းအနားများကျင်းပ

    (၂၆၄) နှစ်မြောက် မွန်နေပြည်တော် ဟံသာဝတီပျက်သုဉ်းခြင်း အောက်မေ့ဖွယ်အခမ်းအနားများကျင်းပ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇွန်လ ၃ ရက်)

    မွန်လူမျိုးတို့၏ နေပြည်တော် ပျက်သုဉ်းခြင်း ပြန်လည်အောက်မေ့ဖွယ်အခန်းအနား (၂၆၄) နှစ်အထိန်းအမှတ်ကို မွန်ဒေသအနှံ့အပြားတွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ် ကဆုန်လပြည့်ကျော်(၈) ရက်နေ့တွင် မြန်မာဘုရင် ဦးအောင်ဇေယျက ပဲခူးမြို့ရှိ မွန်နေပြည်တော် ဟံသာဝတီအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မွန်တို့၏အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရသည့်နေ့ရက်ကို အစွဲပြု၍ ကျင်းပခြင်းဖြစ်သည်။

    “လက်ရှိနိုင်ငံရေး အခြေအနေအရ ဗဟိုပုံစံနဲ့ ဦးဆောင်လုပ်သွားဖို့ အခြေအနေမပေးလို့ သူတို့နေရာနဲ့ သူတို့ဒေသအလိုက် လုပ်ခဲ့ကြတယ်။ မွန်ရွာ ဒေသတိုင်းအားလုံးလိုလို ကျင်းပကြတော့ ဟံသာဝတီပျက်သုဉ်းခဲ့တဲ့သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိသွားကြတယ်” ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီက ဆိုသည်။

    သို့ရာတွင် ဗဟိုအဆင့်ကျင်းပရေးကော်မတီ မဖွဲ့စည်းနိုင်သောကြောင့် ထုတ်ပြန်ကြေငြာချက်၊ ဆောင်ပုဒ်များ အမှတ်တရအင်္ကျီထုတ်ဝေခြင်းများ မပြုလုပ်နိုင်ခဲ့ကြောင်း သူက ဆက်ပြောသည်။

     “နိုင်ငံရေးအခြေအနေက မတည်ငြိမ်သေးတော့ မွန်လူငယ်ဆုံရပ်အနေနဲ့ လူမှုအဖွဲ့အစည်း၊ မြို့နယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မလုပ်နိုင်ခဲ့တော့ ထုတ်ပြန်ကြေငြာချက်တောင် မထုတ်လိုက်ရဘူး။ ဒါပေမယ့် ကောင်းတာတစ်ခုက မြို့နယ်အလိုက်၊ ကျေးရွာ၊ ဒေသအလိုက် ဟံသာဝတီပျက်သုဉ်းခြင်း အခန်းအနားတွေကို ကျင်းပနိုင်ခဲ့တယ်” ဟု မွန်လူငယ်ဆုံရပ် (MYF) မှ မင်းမွန်ထောက ပြောသည်။

    ထို့အတူ  ပြည်တွင်းပြည်ပရှိ မွန်လူငယ်များက အဆိုပါအောက်မေ့ဖွယ်အထိမ်းအမှတ် အင်္ကျီအနက်ရောင်များ  ဝတ်ဆင်ကြ၍ ဆွမ်းကပ်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ တံခွန်များကို အလှူပေးခြင်း၊ လွန်လေပြီးသော မွန်ဘုရင်၊ သူရဲကောင်း၊ အာဇာနည်များအတွက် ဆုတောင်းအမျှဝေခြင်းများ ပြုလုပ်ခဲ့သည်။

    “ကျွန်တော်တို့ရဲ့ သမိုင်းကိုသိရှိပြီး အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်သွားကြဖို့၊ မွန်နိုင်ငံရေးအာဏာကို မွန်လူမျိုးလက်ဝယ် ရရှိဖို့က မွန်လူမျိုးတိုင်း အလေးအနက် ထားဖို့လိုတယ်။ အာဏာနဲ့ ပြီးပြည့်စုံတဲ့ မွန်နိုင်ငံတော် ဖြစ်လာဖို့တော့ ကျွန်တော်တို့ ပြောနေကြတယ်။ အဲလောက်နဲ့ မလုံလောက်ဘူး၊ မွန်ပြည်ကို မွန်လူမျိုးလက်ထဲ ရောက်ရှိဖို့ မွန်လူမျိုးတွေ အလေးအနက်ထားဖို့ လိုတယ်” ဟု နိုင်တလညီက ဆိုသည်။

    ပဒေသရာဇ်စနစ်ကိုပြန်လည်တမ်းတ၍ ဟံသာဝတီပျက်သုဉ်းခြင်းနေ့ကိုကျင်းပခြင်းမဟုတ်ကြောင်း၊ အတိတ်တွင် နှစ်ပေါင်းထောင်နှစ်ချီ မွန်တို့၏ အချုပ်အချာအာဏာပိုင်မှုရှိခဲ့သည်ကို နောင်မွန်မျိုးဆက်သစ်များ သိရှိနားလည်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မွန်နိုင်ငံရေးခေါင်းဆောင်များက ဆိုစမှတ်ပြုခဲ့ကြသည်။ 

    Photo- ၂၆၄ နှစ်မြောက် ဟံသာဝတီပျက်သုဥ်းခြင်းအခမ်းအနား၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာ (CJ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks