Homeငြိမ်းချမ်းရေးမြဝတီတွင် BGF နယ်ခြားစောင့်စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နှင့် DKBA ခွဲထွက်တို့ တိုက်ပွဲဖြစ်

မြဝတီတွင် BGF နယ်ခြားစောင့်စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နှင့် DKBA ခွဲထွက်တို့ တိုက်ပွဲဖြစ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇွန် ၁)

ကရင်ပြည်နယ် BGF နယ်ခြားစောင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA ခွဲထွက်တို့အကြား ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဖလူးကျေးရွာတွင် ယနေ့နေ့လယ်ပိုင်းအချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ခွဲထွက် DKBA ကို စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောကျော်သက် ဦးဆောင်ပြီး BGF နယ်ခြားစောင့်တပ်ရင်း ၁၀၂၂ ကို ဗိုလ်မှူး မုတ်သုန် ဦးဆောင်သည်ဟု သိရသည်။

ဗိုလ်မှူးချုပ် စောကျော်သက်က “အခုက စစ်ကောင်စီတစ်ဖွဲ့ထဲမကဘူး။ BGF လည်းပါတယ်။ အခုက မလာနဲ့လို့ ပြောတာကို လာတဲ့အတွက် ပစ်ကြတာပဲ။ မလာရင်တော့ ပစ်စရာအကြောင်းကို မရှိတာ” ဟု KIC သတင်းဌာနနှင့်အင်တာဗျူးတွင် ပြောသည်။

ယမန်နေ့က မြဝတီမြို့ကို ရိက္ခာလာထုတ်သည့် ဝေါလေးမြိုင်နယ်မြေ ရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးတို့ကို DKBA ခွဲထွက်တပ်ဖွဲ့ဖမ်းဆီးသွားရာမှ တိုက်ပွဲဖြစ်ပေါ်လာရကြောင်း  ယူဆပြောဆိုနေကြသည်။

ထို့ပြင် BGF နယ်ခြားစောင့်တပ်ရင်း ၁၀၂၂ တပ်ဖွဲ့ဝင်အချို့  DKBA – ခွဲထွက်နှင့် သွားရောက်ပူးပေါင်းမှုများ ရှိကြောင်း သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါ တိုက်ပွဲကြောင့် ဒေသခံရွာသားများ ဘေးလွတ်ရာ စစ်ရှောင်နေကြရပြီး ဖလူး၊ ကျောက်ခက်၊  ဝေါ်လေလမ်းတလျောက် ပိတ်မိနေသည်ဟု သတင်းရရှိသည်။

“အရပ်သားတွေတော့ တိမ်းရှောင်ခိုင်းရတာပေါ့။ မရှောင်ခိုင်းဘူးဆိုရင် သူပစ် ကိုယ်ပစ်က ပြည်သူကို ထိခိုက် နိုင်တယ်လေ။ အခုအချိန်ထိတော့ ဘယ်လောက် တိမ်းရှောင်နေရပြီးလဲဆိုတာ အရေအတွက် အတိအကျ မသိနိုင်သေးဘူး။ အခုက ထိုင်းဘက်ခြမ်းကို ပြေးနေရတာပေါ့”ဟု ဗိုလ်မှူးချုပ် စောကျော်သက်က ပြောသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ မူတြော်ခရိုင် (ဖာပွန်) ကူးဆိပ်နှင့် မထော်ကျေးရွာအကြား ယနေ့နံနက်ပိုင်းက KNU တပ်မဟာ (၅) တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား  တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ငါးဦး သေဆုံးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

သို့ရာတွင် အဆိုပါတိုက်ပွဲသတင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Photo-DKBA ခွဲထွက်အဖွဲ့ (ပုံဟောင်း)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts