Homeငြိမ်းချမ်းရေးတံတားအမည်ပြောင်းသည့်ကိစ္စ ဘာမှရင်ခုန်စရာအကြောင်းမရှိဟု မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌဟောင်း မှတ်ချက်ပြု

တံတားအမည်ပြောင်းသည့်ကိစ္စ ဘာမှရင်ခုန်စရာအကြောင်းမရှိဟု မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌဟောင်း မှတ်ချက်ပြု

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇွန် ၁)

ဘီလူးကျွန်တံတား အမည်ပြောင်းသည့်ကိစ္စအပေါ် ဘာမှရင်ခုန်စရာအကြောင်းမရှိဟု မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးက သူ၏လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်တွင် မှတ်ချက်ပြုထားသည်။

“ဘီလူးကျွန်းတံတားကို မူလနံမည်ပြန်ပြောင်းတဲ့ကိစ္စအပေါ် ကျွန်တော်တို့အနေနဲ့ အထွေအထူး ခံစားချက်မရှိပါဘူး၊ အခုအနေအထားအရ မူလနံမည်ပြောင်းမယ်ဆိုတာ ထင်ပြီးသားပါ၊ အဲဒီအတွက် ဘာမှရင်ခုန်စရာအကြောင်းမရှိပါဘူး၊ ကျွန်တော်တို့ မွန်အမျိုးသားရေးဦးတည်ချက်က တံတားနံမည်မျှလောက်နဲ့ မဟုတ်ပါဘူး”ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

မွန်အမျိုးသားရေးဦးတည်ချက်သည် တံတားနံမည်မျှလောက်နှင့်မဟုတ်ကြောင်း၊ နိုင်ငံတော်ကို ပုံဖော်တည်ဆောက်ရာတွင် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်စာနာမှုများနှင့်  တိုင်းရင်းသားအားလုံးအတွက် ယုံကြည်စိတ်ချရမည့် နိုင်ငံရေးစနစ်ကောင်းတစ်ခု ပေါ်ထွန်းဖြစ်တည်ရေးဖြစ်သည့် ဖယ်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးသာဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဲဒီတော့ တိုင်းရင်းသားများရဲ့ နယ်မြေအလိုက် ဒေသအလိုက် အသိအမှတ်ပြုမှုများနဲ့ နိုင်ငံရေးအရ၊ စီမံအုပ်ချုပ်မှုအရ ဖွဲ့စည်းပုံဖော်ပိုင်ခွင့်ရှိတဲ့ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ပေါ်ထွန်းရေးကိုသာ သဘောထားကြီးမြတ်မှုများနဲ့ ဖြစ်တည်စေလိုပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက မှတ်ချက်ပြုသည်။

NLD အစိုးရလက်ထက်က“ဗိုလ်ချုပ်အောင်ဆန်းတံတား”ဟု အမည်ပေးအပ်ခဲ့ကို ဒေသခံမွန်တိုင်းရင်းသားတို့၏ ယခင်လိုလားချက်အတိုင်း လက်ရှိ နစကစစ်ကောင်စီလက်ထက်တွင် သံလွင်တံတား(ချောင်းဆုံ) ဟူ၍ အမည်ပြောင်းလဲပေးလိုက်ကြောင်း တွေ့ရှိရသည်။ 

ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် သံလွင်တံတား(ချောင်းဆုံ) ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်မှ နစက ကောင်စီအဖွဲ့ဝင်များလိုက်ပါလာပြီး ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နံနက် ၈ နာရီ ၄၅ အချိန်တွင် စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ 

အလားတူ တံတားအမည်ပြောင်းလဲခြင်းဖွင့်ပွဲအခမ်းအနားသို့ မွန်တိုင်းရင်းသားအချို့ တက်ရောက်အားပေးနေကြသည်ကို တွေ့ရှိရသော်လည်း ကိုဗစ်အရေးပေါ်ကာလသတ်မှတ်ထားသည့်အပြင် မော်လမြိုင်မြို့တွင် လူ ၅ ဦးနှင့်အထက်မစုရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်သည့်အတွက် အကျဉ်းရုံးသဘောမျှသာ ကျင်းပဖြစ်ခဲ့ကြောင်း အခမ်းအနားတက်ရောက်သူများက ယူဆပြောဆိုသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts