HomeCovid 19မော်လမြိုင် Quarantine စင်တာ တာဝန်ကျဝန်ထမ်း ၄ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ

မော်လမြိုင် Quarantine စင်တာ တာဝန်ကျဝန်ထမ်း ၄ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (၂၇ မေ ၂၀၂၁)

မော်လမြိုင်မြို့ရှိ တက္ကသိုလ် ၁၀ မြို့နယ်အဆောင် Quarantine  စင်တာ တာဝန်ကျဝန်ထမ်း ၄ ဦးထံမှ မေလ ၂၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူများ Quarantine ဝင်ရောက်ရန် စီစဉ်လျှက်ရှိကြောင်း လူမှုကယ်ဆယ်ရေးအသင်းများက သိရသည်။

ယင်းကဲ့သို့ ရောဂါပိုးတွေ့ရှိလာခြင်းကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်လာနိုင်ခြေရှိပြီး ပထမလှိုင်းနှင့် ဒုတိယလှိုင်းမှ သင်ခန်းစာယူ၍ အတတ်နိုင်ဆုံး ပြည်သူများကြိုတင်ကာကွယ်နေထိုင်ကြရန် မော်လမြိုင်လူမှုကယ်ဆယ်ရေးအသင်းမှ ကိုဇင်မိုးက ပြောသည်။

ကိုဇင်မိုးက “ ပိုးကတော့ နေ့တိုင်း ပုံမှန် ၃ ယောက် ၄ ယောက်လောက်တော့အမြဲတွေ့တယ် ဟိုတနေ့ကလည်း ပေါင်မြို့နယ်က ၁၉ ယောက်တွေ့တယ် ဒီနောက်ပိုင်းမှာ ကိုဗစ်တတိယလှိုင်း စကြားတဲ့ချိန်ကနေစပြီးတော့ တင်းတင်းကြပ်ကြပ်ပိုစစ်လာတော့ ခုတလော ထိုင်းပြန်တွေမှာ တောက်လျှောက် ကိုဗစ်ပိုးတွေ့လာတယ်”ဟု ဆိုသည်။

လက်ရှိအချိန်တွင် အနံ့မရသည့်လူနာများနှင့် နယ်စပ်ဒေသမှ ပြန်လာသူများကို အဆိုပါ မော်လမြိုင် Quarantine  စင်တာ၌ စစ်ဆေးပေးလျှက်ရှိပြီး Positive  လူနာများကို ဆေးကုသပေးလျှက်ရှိကြောင်း၊ စစ်အာဏာသိမ်းသည့်ကာလအတွင်း ပြည်ပမှပြန်လည် ဝင်ရောက်လာသူ ၇၀၃၈ ဦးကို ကိုဗစ် ၁၉ ရောဂါ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

တစ်ဖက်တွင်လည်း  အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ကိုရိုနာဗိုင်းရပ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုမြင့်တက်လာနေခြင်းကြောင့် မြန်မာနိုင်ငံအတွင်းသို့ ကိုဗစ် တတိယလှိုင်း ဝင်ရောက်လာမည်ကို စိုးရိမ်နေရသည့်အခြေအနေတွင် ရှိနေသည်။

ထို့အပြင် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် စစ်တွေမြို့တို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရု်နယ်စပ်ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်လာသည့် ယခုလအတွင်း ဘင်္ဂလားဒေ့ရု်မှပြန်ဝင်လာသော စက်လှေသမားများမှ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့လာကြောင်း သတင်းများက ဖော်ပြသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် မေလ ၂၆ ရက် ည ၈ နာရီ ထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံး ဓါတ်ခွဲလူနာ ၁၁၂၉ ခုအားစစ်ဆေးရာ ကိုဗစ်အတည်ပြုလူနာ ၂၂ ဦးထပ်မံတွေ့ရှိပြီး ယမန်နှစ်ရောဂါစတင်ဖြစ်ပွားခဲ့ချိန်မှ မြန်မာနိုင်ငံတဝန်း စုစုပေါင်းအတည်ပြုလူနာ ၁၄၃,၂၉၆ ဦး၊ သေဆုံးသူ ၃၂၁၆  ဦးရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


ထိုင်းပြန်များအား ကိုဗစ် ၁၉ ရောဂါပိုးရှိမရှိ မော်လမြိုင် Quarantine  စင်တာ၌ စစ်ဆေးနေစဥ်(Facebook)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts