Homeသတင်းပြည်ပကုန်ပစ္စည်းများ ဈေးမြင့်တက်နေသော်လည်း ပြည်တွင်းကုန်ပစ္စည်း ဈေးမတက်ဟုဆို

ပြည်ပကုန်ပစ္စည်းများ ဈေးမြင့်တက်နေသော်လည်း ပြည်တွင်းကုန်ပစ္စည်း ဈေးမတက်ဟုဆို

-

မွန်သတင်းအေဂျင်စီ (၂၅ မေ ၂၀၂၁)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာငွေတန်ဖိုးကျဆင်းလျက်ရှိရာ ထိုင်းနိုင်ငံမှတစ်ဆင့် တင်သွင်းရောင်းချနေသည့် စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ ဈေးနှုန်းသိသိသာသာမြင့်တက်လာသော်လည်း ပြည်တွင်းအခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးမြင့်တက်ခြင်းမရှိကြောင်း ကုန်စည်ပွဲရုံများမှသိရသည်။

ပြည်တွင်းထွက်များဖြစ်ကြသည့် ကြက်သွန်ဖြူ တစ်ပိသာလျှင် ၁၄၀၀ ကျပ် မှ ၁၅၀၀ ကျပ်၊ ကြက်သွန်နီ ၅၀၀ ကျပ်ဝန်းကျင်နှင့် အာလူး ၁၀၀၀ ကျပ်ဝန်းကျင် စသဖြင့် ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းဝယ်လျှက်ရှိကြောင်း မော်လမြိုင်မြို့ ရတနာထွန်းပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့မှာ အရောင်းအဝယ်ကတော့ အေးတယ်ဗျ၊  လူတွေက ပိုက်ဆံမရှိလို့လားတော့ မသိဘူး၊ နောက်တစ်ခုက စက်သုံးဆီတွေဈေးတက်တော့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခတွေတော့ အထိုက်အလျှောက် ဈေးတက်လာတာတွေ ရှိတယ်ပေါ့” ဟု ဆိုသည်။

သို့ရာတွင် နိုင်ငံခြားဖြစ် ကုန်ပစ္စည်းတစ်မျိုးမျိုးဆိုပါက ကျပ် ၁ ထောင်မှ ၂ ထောင်အထိ ဈေးနှုန်းမြင့်တက်လျှက်ရှိပြီး အချို့တွင် ဈေးကွက်တွင်မရှိသလောက် ပစ္စည်းများပြတ်လျှက်ရှိကြောင်း အိမ်ရှင်မတစ်ဦးက ပြောသည်။

“ ယိုးဒယားပဲပိစပ်ဆီဆိုရင် ဈေးနှုန်းတွေက မြင့်သထက်ကိုမြင့်နေတယ် ကိုဗစ်တုန်းက ၁၇၀၀ ဈေးကနေ အခု ၂၈၀၀ လောက်ထိဖြစ်သွားတာ၊ ငရုတ်ကြက်သွန်တွေက အဲ့လောက်ထိမဟုတ်ဘူး ယိုးဒယားဖြစ်ပစ္စည်းတွေကပဲ ဈေးကြီးပေးဝယ်နေရတယ်၊ မိသားစု စားဝတ်နေရေး အဆင်ပြေအောင်တော့ ချင့်ချိန်ပြီး ဝယ်နေရတယ်” ဟု ၎င်းအိမ်ရှင်မက ပြောသည်။

ထို့အတူ ဆန်အမျိုးစားအလိုက် တစ်အိတ်လျှင် ကျပ် ၂၀၀၀ ဝန်းကျင် အထိ မြင့်တက်လာကြောင်း ဆန်ကုန်သည်များမှ သိရသည်။

ကုန်ဈေးနှုန်းမြင့်မားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုနည်းပါးလာခြင်းနှင့်အတူ ဝင်ငွေတိုးမလာသည့် အခြေအနေတွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် အခြေခံ အိမ်ထောင်စု မိသားစုတိုင်း ရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်းလည်း သုံးသပ်ပြောဆိုနေကြသည်။

တဖက်တွင်လည်း ဘဏ်များမှငွေကြေးထုတ်ယူရာတွင် အကန့်အသတ်များရှိနေသလို ATM စက်များမှငွေမထုတ်နိုင်ခြင်းနှင့် ငွေလွှဲလုပ်ငန်းများလည်း ဆက်လက်ရပ်တန့်လျက်ရှိသည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts