Homeငြိမ်းချမ်းရေးမွန်ပြည်နယ်တွင် အခြေခံပညာကျောင်းဆရာ/မ ၃၀၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်းခံထားရ

မွန်ပြည်နယ်တွင် အခြေခံပညာကျောင်းဆရာ/မ ၃၀၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်းခံထားရ

-

မွန်သတင်းအေဂျင်စီ ( ၁၉ မေ ၂၀၂၁)

အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ မွန်ပြည်နယ် ၁၀ မြို့နယ် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမပေါင်း ၃၀၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

မော်လမြိုင်မြို့နယ် ၃၃၈ ဦး၊ ရေးမြို့နယ် ၆၁၇ ဦး၊ မုဒုံမြို့နယ် ၂၁၉ ဦး၊ ချောင်းဆုံမြို့နယ် ၁၁၂ ဦး၊ ကျိုက်မရောမြို့နယ် ၃၃၂ ဦး၊ ပေါင်မြို့နယ် ၄၄၁ ဦး၊ သထုံမြို့နယ် ၅၃၀ ဦး၊ ကျိုက်ထိုမြို့နယ် ၅၇၉ ဦးတို့နှင့်အတူ မြို့နယ်ပေါင်းစုံမှ အထက်တန်းနှင့် အလယ်တန်းပြ ၁၂ ဦးတို့အား လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်နေခြင်းတို့ကြောင့် တာဝန်မှ ယာယီဆိုင်းငံ့ထားကြောင်း အမိန့်စာအရ သိရသည်။

CDM ဆရာမတစ်ဦးက “ ကျွန်မအမြင်က ဒီနှစ်ပညာသင်နှစ်က ဆရာအင်အားလည်းမရှိဘူး နေ့စားခန့်မယ်ဆိုရင်တောင် ပြည့်ပြည့်ဝဝ ခန့်နိုင်လိမ့်မယ်လိုမထင်ဘူး၊ မနှစ်ကကျောင်းပိတ်ထားတော့ ဒီနှစ်သင်ရိုးကို ၂ နှစ်စာသင်မယ်ဆိုတော့ ပိုပြီးတော့တောင်မဖြစ်နိုင်ဘူး၊ မိဘတွေကရော သူတို့ကလေးတွေကို စိတ်ချလက်ချကျောင်းထားပေးနိုင်ပါ့မလားပေါ့၊ အဖက်ဖက်ကနေကြည့်ရင် ဘာမှမဖြစ်နိုင်ဘူး စစ်ကောင်စီက ပညာရေး ယန္တယားတစ်ခုလည်ပတ်နေသေးတာကို ပြချင်လို့ for show အနေနဲ့ပဲဖွင့်ဖြစ်မယ်လို့ထင်တယ်” ဟု ပြောသည်။

ကျောင်းများဖွင့်လှစ်သည့်အခါ ဆရာ၊ဆရာမ လိုအပ်ချက်များကြောင့် ကျောင်းမဖွင့်လှစ်နိုင်မှု မရှိစေရေး နေ့စားလပေးစနစ်ဖြင့် သင့်တော်သောလစာပေးကာ ခန့်ထားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အတူ တစ်နိုင်ငံလုံးတွင် အရပ်ဘက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သူ အခြေခံပညာဦးစီးဌာနမှ ဝန်ထမ်း ၁ သိန်း ၂ သောင်းကျော် ပါဝင်ကြောင်း ပညာရေး အသိုင်းအဝိုင်းများမှ သိရသည်။

ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တစ်နှစ်တိတိ ရပ်ဆိုင်းခဲ့ရကြောင်း၊ မကြာမီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို ဇွန်လ ၁ ရက်နေ့တွင်ဖွင့်လှစ်သွားမည်ဖြစ်ရာ မေလ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း နစကကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts