spot_img
Wednesday, February 4, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် ၇ သောင်းကျော်တိုးလာကြောင်း ISP-Myanmar အစီရင်ခံစာထုတ်ပြန်

    စစ်အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် ၇ သောင်းကျော်တိုးလာကြောင်း ISP-Myanmar အစီရင်ခံစာထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၉)

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၇၇၁၅၄ ဦးကျော်တိုးလာကြောင်း ယမန်နေ့က ထုတ်ပြန်သော Institute for Strategy and Policy – Myanmar က အစီရင်ခံစာတစ်ရပ်တွင် တွေ့ရသည်။

    ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း  တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ၃ လကျော်အတွင်း အရပ်သား ၆၂ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ကျော်ရှိကြောင်း ISP-Myanmar က ဖော်ပြထားသည်။

    “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ အခုဆိုရင် ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိလာပါပြီ” ဟု ISP-Myanmar က ဆိုသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း ၄၀၇ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်အပြင် လက်နက်ကြီး ၄၇ လုံး ပစ်ချခဲ့သည်ဟု အစီရင်ခံစာက စုစည်းတင်ပြထားသည်။

    အစီရင်ခံစာက “တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေထဲမှ ၃၂,၀၀၀ ကျော်က ကရင်ပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် မူတြော် ခရိုင် ဒွယ်လိုးမြို့နယ်နဲ့ ဘူးသိုမြို့နယ် ဖားပွန်-ကမမောင်း လမ်းမကြီးအနီးမှာ ရှိတဲ့ ရွာပေါင်း ၃၀ ကျော်က ဒေသခံ ပြည်သူ ၂,၀၀၀ ကျော်ဟာ ဧပြီ ၁၄ ရက်မှာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်” ဟု ဆိုသည်။

    ထို့အပြင် ကချင်ပြည်နယ် မိုးမောက်နှင့် ဖါးကန့်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် ၅ ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေကြရသည်ဟု ဖော်ပြထားသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားမှုကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ မြန်မာနိုင်ငံအနှံ့အပြား နည်းမျိုးစုံ ပေါ်ပေါက်ခဲ့ပြီး ဒေသအချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်းကာ စစ်ကောင်စီတပ်နှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။

    ISP-Myanmar က “ဧပြီ ၂၄ ရက်မှ မေလဆန်းကာလအထိ ချင်းပြည်နယ် မင်းတပ်နဲ့ ဟားခါးမြို့၊ စစ်ကိုင်းတိုင်း ကနီမြို့တွေက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒီလို ဖြစ်ပွားမှုတွေအတွင်းမှာပဲ စစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီး ရဟတ်ယာဉ်များနဲ့ပါ အင်အားသုံးတိုက်ခိုက်ခဲ့တာကြောင့် မင်းတပ်မြို့နေ လူဦးရေရဲ့ သုံးပုံနှစ်ပုံ (၇,၀၀၀ ကျော်ခန့်) ဟာ တောတောင်တွေအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်” ဟု ဆိုသည်။

    ချင်းပြည်နယ် မင်းတပ်နှင့် ဟားခါးမြို့၊ စစ်ကိုင်းတိုင်း ကနီမြို့မှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်အကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် မင်းတပ်မြို့မှ ပြည်သူ ၇ ထောင်ကျော်နှင့် ကနီမြို့မယ်အတွင်းက ဒေသခံပြည်သူ ၂ သောင်းကျော်ခန့်မှာ ဘေးလွတ်ရာ ထွက်ပြေးနေကြရဆဲဖြစ်သည်။

    ထို့ပြင် အာဏာသိမ်း စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရသည့် အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်များနှင့် စစ်ဘေး တိမ်းရှောင်နေရသော ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှု ရှိ၊ မရှိဆိုသည့်အပေါ် အသွင်ကူး ပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) မှ သုတေသနပြုနိုင်မည်ဖြစ်သည့်အတွက် အလေးထားသင့်သည့်အကြောင်းအရာများဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks