Homeငြိမ်းချမ်းရေးဘုရားသုံးဆူမြို့တွင် အသံဗုံးဟုယူဆသည့်အရာဝတ္ထုတစ်ခုပေါက်ကွဲ

ဘုရားသုံးဆူမြို့တွင် အသံဗုံးဟုယူဆသည့်အရာဝတ္ထုတစ်ခုပေါက်ကွဲ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၇)

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အမှတ်(၄) ရက်ကွက်ရှိ အထကစာသင်ကျောင်းအနီးအနားတဝိုက်တွင် ပြီးခဲ့သည့်ညပိုင်းက အသံဗုံးဟုယူဆရသည့်အရာဝတ္ထုတစ်ခုတစ်ခု ပေါက်ကွဲခဲ့ကြောင်း မြို့ခံများမှ သိရသည်။

မေလ ၆ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် အမှတ် ၄ ရပ်ကွက်ရှိ တိုင်တစ်ရာဘုန်းတော်ကြီးကျောင်းပတ်ဝန်းကျင်နှင့် အစိုးရအထက်တန်းကျောင်းအနီးအနားတဝိုက်နေရာများမှ ပြင်းထန်သောပေါက်ကွဲသံတစ်ခုကို ကြားမိလိုက်ကြောင်း ဘုရားသုံးဆူမြို့နေထိုင်သူတစ်ဦးက ပြောသည်။ 

၎င်းက “ရှီကနဲကောင်းကင်ပေါ် ထိုးတက်သွားတဲ့အသံနောက်မှာ အုံးကနဲပေါက်ကွဲသံထွက်လာတယ်၊ ထိုင်တစ်ရာကျောင်းတဝိုက်မှာလိုလို အထက်တန်းကျောင်းအနီးအနားမှာလိုလို ပန်းတန်းမှာလိုလို ဘယ်သူမှနေရာ အတိအကျမပြောနိုင်ဘူး၊ ထိခိုက်ပျက်စီးမှုလည်း ဘာမှမကြားမိဘူး”ဟု ဆိုသည်။

သို့ရာတွင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူ(သို့မဟုတ်) မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။  

အလားတူ လွန်ခဲ့သည့် သီတင်းပတ် (ဧပြီ ၂၈) တွင်လည်း ဘုရားသုံးဆူမြို့လယ်ရှိ အုပ်ချုပ်ရေးမှူးရုံးအနီး၊  ထိုင်းနယ်စပ်ချက်ပွိုင့်နှင့် ရပ်ကွက် (၃) ကားဝပ်ရှော့ရုံအနီး စသည့်နေရာ ၃ ခုတွင် မိနစ်ပိုင်းခန့်ခြားပြီး လက်လုပ်ဗုံး ၃ လုံးပေါက်ကွဲခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝန်း မြို့ပေါ်နေရာများတွင် အသံမိုင်းများ၊ လက်လုပ်မိုင်းများ ပေါက်ကွဲသံများ မကြာခဏဖြစ်ပေါ်နေသဖြင့်  ဒေသခံစစ်ကောင်စီအဖွဲ့က ဖမ်းဆီးအရေးယူမှုများကိုလည်း အရှိန်မြှင့်လုပ်ဆောင်လာသည်ကို တွေ့ရှိရကြောင်း စောင့်ကြည့်လေ့လာသူများက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts