spot_img
Sunday, February 15, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးCRPH ပဋိဉာဉ်စာတမ်းကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ် PPST ကြိုဆို

    CRPH ပဋိဉာဉ်စာတမ်းကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ် PPST ကြိုဆို

    -

    မွန်သတင်းအေဂျင်စီ (၆ အေပြီ ၂၀၂၁)

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က ဘုံသဘောထားရပ်တည်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်စာတမ်းကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကြိုဆိုကြောင်း ဖော်ပြပါရှိသည်။

    ပြီးခဲ့တဲ့ ဧပြီ ၃ နှင့် ၄ ရက်နေ့များက PPST အစည်းအဝေး ကျင်းပခဲ့ပြီးနောက် သဘောထားထုတ်ပြန်ရာတွင် လက်နက်မဲ့ ပြည်သူလူထုအား စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ် ပစ်ခတ်နှိမ်နင်းမှုကို ချက်ချင်းရပ်တန့်ရန်၊ ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်တောင်းဆိုလိုက်ပြီး နွေဦးတော်လှန်ရေးအပါအဝင် CDM လူထုလှုပ်ရှားမှုအား ဆက်လက်ပံ့ပိုးကူညီ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း CRPH ၏ ထုတ်ပြန်ချက်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်စာတမ်း (Federal Democracy Charter) ကြေညာချက်ကို ကြိုဆိုကြောင်း ဖော်ပြပါရှိသည်။ 

    PPST ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်က “ PPST မှာ အဖွဲ့ ၁၀ ပါပါတယ် အဖွဲ့ ၁၀ ဖွဲ့ရဲ့အနေအထားတွေက မတူပါဘူး အဲဒီအတွက်ကြောင့် ကျနော်တို့အနေနဲ့ဒီမှာ တစ်ခါထဲနဲ့ ပံ့ပိုးကူညီတဲ့အဆင့်မှာပဲ CRPH နဲ့ ဆက်သွယ်လို့ရသေးတယ် ပူးပေါင်းတဲ့အဆင့်ထိ ကျနော်တို့ကလုပ်ဖို့ တချို့အဖွဲ့အစည်းမှာ တော်တော်လေးအခက်အခဲရှိနေပါတယ် ကျနော်တို့ PPST အဖွဲ့အတွင်းမှာ အဆုံးအဖြတ်ပေးတဲ့နေရာမှာ Conscience (အသိတရား) နဲ့သွားတာဖြစ်တဲ့အတွက် အားလုံးလိုက်ပါနိုင်တဲ့အနေအထား ကျနော်တို့က စကားလုံးတွေကို သတိကြီးစွာနဲ့ ကြိုဆိုတယ်အဆင့်ပဲ ပါပါတယ်” ဟု ပြောသည်။ 

    သို့သော် CRPH ထုတ်ပြန်ခဲ့သည့် EAO အစုအဖွဲ့များတွင် NCA စာချုပ်လက်မှတ်ရေးထိုးထားသော EAO လည်းပါရှိသကဲ့သို့ စာချုပ်လက်မှတ်မထိုးသေးသည့် EAO များ ပါဝင်နေကြောင်း ၎င်းကအတည်ပြုသည်။

    “ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအများစုက အခုလိုကျနော်တို့ ဒီမိုကရေစီအရေးတော်ပုံကြီးဆင်နွှဲပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့အဖွဲ့အစည်းအစည်းတွေနဲ့ အတတ်နိုင်ဆုံး လက်တွဲပြီးတော့ပူးပေါင်းပါဝင်ဖို့ အားလုံးက ဆန္ဒရှိကြတယ် အဲလိုဆန္ဒရှိကြတဲ့နေရာမှာ ပူးပေါင်းပါဝင်ရမယ့်ပုံစံကတော့ ကျနော်တို့ အနေနဲ့စဉ်းစားဖို့လိုတယ်၊ ၁၀ ဖွဲ့အတွင်းမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား မတူနိုင်ဘူး၊ ပြီးတော့ပြည်နယ်တစ်ခုနဲ့တစ်ခုကြားမှာလည်း မတူညီနိုင်ဘူး ဆန္ဒတော့ရှိကြတယ် ဘယ်လိုပါဝင်မလဲ ဘယ်လိုပူးပေါင်းမလဲ ဆိုတဲ့ဟာကျတော့ ကျနော်တို့ တစ်ဖွဲ့ချင်းကသော်လည်းကောင်း ပြည်နယ်တစ်ခုချင်းစီက သော်လည်းကောင်း ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ် PPST မှာ ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး”ဟု ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်က ဆက်ပြောသည်။ 

    အကယ်၍ တရားမဝင်အသင်းသတ်မှတ်ခံထားသည့် CRPH နှင့် PPST အဖွဲ့ ပူးပေါင်းသွားမည်ဆိုပါက NCA စာချုပ်လည်းပျက်ပြယ်သွားမည်ဖြစ်ပြီး တိုင်းရင်းသားဒေသများတွင်  တိုက်ပွဲများဖြစ်လာနိုင်သည်ဟု တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ပညာမွန်က သုံးသပ်သည်။

    ဒေါက်တာနိုင်ပညာမွန်က “NCA လမ်းကြောင်းကို PPST မနှစ်သက်တော့ဘူး CRPH သွားတဲ့လမ်းကြောင်းကိုရွေးမယ်ဆိုရင် ကျနော်ထင်တယ် သူတို့ရွေးလို့ရပါတယ် ဒါပေမယ့် စစ်ရေးအနေနဲ့က ဘယ်လောက်အတိုင်းအတာအထိ သူတို့ရင်ဆိုင်နိုင်မလဲ အဲဒါက သူတို့စဉ်းစားရမယ့် အဓိကအချက်ဖြစ်တယ်။ PPST အနေနဲ့  CRPH နဲ့လက်တွဲမယ်ဆိုရင် NCA စာချုပ်ပျက်သွားနိုင်တယ် NCA တောင်မကဘူး အဲဒီမှာသူတို့လက်မှတ်ထိုးထားတဲ့ Bilateral ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်လည်းပျက်သွားနိုင်တယ် တကယ်လို့ ဒီ NCA ရော Bilateral ပါ ပျက်သွားမယ်ဆိုရင် သူတို့ရဲ့ဒေသမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်”ဟု ဆိုသည်။

    လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အဖွဲ့တွင် NCA စာချုပ်လက်မှတ်ရေးထိုးထားကြသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, ကရင်အမျိုးသားအစည်းအရုံး KNU, ဒီမုကရေစီအကျိုးပြု ကရင့်အမျိုးသားတပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ ချင်းအမျိုသားတပ်ဦး CNF, ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF, မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ၁၀ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည်။ 

    Photo- PPST အစည်းအဝေး (၁၄/၂၀၂၁)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks