Sunday, March 8, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးလုံခြုံမှုမရှိသောကြောင့် ခရီးသွားလုပ်ငန်း လည်ပတ်နိုင်လိမ့်မည်မဟုတ်

    လုံခြုံမှုမရှိသောကြောင့် ခရီးသွားလုပ်ငန်း လည်ပတ်နိုင်လိမ့်မည်မဟုတ်

    -

    မွန်သတင်းအေဂျင်စီ ( ၁ ဧပြီ ၂၀၂၁ )

    နိုင်ငံအတွင်း ခရီးအသွားအလာကန့်သတ်မှုမရှိသော်လည်း ဆန္ဒပြသူများ ပစ်ခတ်ခံနေရမှုရှိနေပြီး ခရီးသွားများအတွက်လုံခြုံမှုမရှိသောကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်၍လည်ပတ်နိုင်လိမ့်မည်မဟုတ်ကြောင်း မွန်ပြည်နယ် ဧည့်လမ်းညွှန်အသင်းမှ သိရသည်။

    မွန်ပြည်နယ် ဧည့်လမ်းညွှန်အသင်းဥက္ကဌက “အဓိကကတော့ လုံခြုံရေးပေါ့နော်၊ လုံခြုံမှုမရှိဘူးဆိုရင် ခရီးသွားလာဖို့ကလည်းမလွယ်ဘူး ဒီအချိန်မှာခရီးသွားလုပ်ငန်းပြန်ဖော်ပေးရင်တောင် လုပ်လို့အဆင်မပြေသေးဘူး  အနည်းဆုံး ၃ လ ၄ လ လောက်နေလို့ အပြောင်းလဲတစ်ခုဖြစ်ရင်တော့ ကျွန်တော်တို့လည်း ပြန်စမယ်ပေါ့” ဟု ပြောသည်။

    လက်ရှိတွင် ခရီးသွားလုပ်ငန်းရပ်တန့်လျှက်ရှိသောကြောင့် အဆိုပါလုပ်ငန်းကိုမှီခိုအားထားနေရသည့် ဒေသခံပြည်သူများနှင့် ဧည့်လမ်းညွှန်လုပ်ကိုင်သူ ၂၀၀ ဦးခန့်သည်လည်း အလုပ်လက်မဲ့ အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ၎င်းကပြောသည်။

    ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်အတွင်း မွန်ပြည်နယ်သို့ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုမှာလည်း ၉၀ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းခဲ့ရကြောင်း မွန်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဦးစီးဌာနမှ ဦးမျိုးမင်းက ဆိုသည်။

    “ကိုဗစ်ပြီးတော့ နိုင်ငံရေးအခြေအနေက ဒီလိုဖြစ်သွားတော့ ခရီးသွားလုပ်ငန်းက တော်တော်လေးကိုအထိနာသွားတယ် ဘယ်အချိန်လောက်ပြန်ပြီး ဦးမော့လာနိုင်မလဲဆိုတာ မခန့်မှန်းနိုင်တဲ့ အခြေအနေမှာဖြစ်နေတယ်၊ နိုင်ငံရေးအခြေအနေလည်းကောင်းလာမယ် ကိုဗစ်လည်းထိန်းချုပ်လာနိုင်မယ်ဆိုရင် ခရီးသွားကဏ္ဍကို ၂ ဆ ၃ ဆ လောက် တိုးမြှင့်စေချင်တယ်” ဟု ဦးမျိုးမင်းက ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း ခရီးသွားပြည်သူများ အဆင်ပြေလွယ်ကူစေရန်အတွက် အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနေသော်လည်း ပြည်နယ်ခရီးသွားလုပ်ငန်း လုံးဝရပ်နားထားရသကဲ့သို့ စီးပွားရေးလုပ်ငန်းအများစုသည်လည်း ပြန်လည်နာလံထူနိုင်လိမ့်မည်မဟုတ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

    “အထိအနာဆုံးကတော့ စီးပွားရေးပါပဲ။ ကျနော်တို့ ကိုဗစ် ဖြစ်တဲ့ကာလမှာကတည်းက နိုင်ငံတကာအဖွဲ့အစည်းတွေက ခန့်မှန်းထားတာ မြန်မာ့စီးပွားရေး တိုးတက်မှုက ဝ.၅ ရာခိုင်နှုန်းပဲ ရှိမယ်လို့ သုံးသပ်ခဲ့တာတွေ ရှိပါတယ်။ အခုအနေအထားမှာတော့ စီးပွားရေးက လုံးဝရပ်သလို ဖြစ်သွားပါတယ်။ ကျနော်ထင်တယ် စီးပွားပျက်ကပ်ကတော့ မလွှဲမသွေ ကြုံရမယ့်အနေအထား ရှိတယ်လို့ ထင်ပါတယ်” ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက VOA နှင့်မေးမြန်းချက်တစ်ရပ်တွင် သုံးသပ်ထားသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks