Homeသတင်း(၂၆) ကြိမ်မြောက်အောင်ဘာလေထီ မေလ ၁ ရက်နေ့သို့ ပြောင်းလဲဖွင့်လှစ်သွားမည်

(၂၆) ကြိမ်မြောက်အောင်ဘာလေထီ မေလ ၁ ရက်နေ့သို့ ပြောင်းလဲဖွင့်လှစ်သွားမည်

-

မွန်သတင်းအေဂျင်စီ (၂၃ မတ် ၂၀၂၁)

ဧပြီလ ၁ ရက်နေ့တွင်ဖွင့်လှစ်မည်ဟု ကြေညာထားသည့် (၂၆) ကြိမ်မြောက် အောင်ဘာလေထီလက်မှတ်များကို ထီရောင်းချနိုင်မှုမရှိခြင်းနှင့် ထီကံစမ်းသူများ ထီထိုးရန်အခက်ခဲဖြစ်ပေါ်နေခြင်းတို့ကြောင့် မေလ ၁ ရက်နေ့သို့ ပြောင်းလဲဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်း အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများသည် အစိုးရအောင်ဘာလေထီများ ထိုးခြင်းမပြုကြရန် လူမှုကွန်ကွန်ရက်ပေါ်တွင် ကမ်ပိန်းပြုလုပ်ကြသဖြင့် ထီကံစမ်းသူ လွန်စွာနည်းပါးသွားခဲ့ပြီး လုပ်ငန်းများ ရပ်နားထားရသည့်အနေအထား ရောက်ရှိလာကြောင်း တွေ့ရသည်။

ဇာသပြင် မိုးယံရွှေလမင်း မြတ်ဆုကုဋေဆိုင်မှ ထီရောင်းသူက “ ကျွန်တော်တို့က (၂၆) ကြိမ်မြောက်ကစပြီးတော့ မရောင်းတော့ဘူး ကျွန်တော်တို့သွားယူနေတဲ့ပင်ရင်းနေရာက သူတို့မရောင်းတော့တာ နောက်ပြီး ထီကလည်းရောင်းအားလုံးဝမရှိတော့ ရပ်နားလိုက်တယ်” ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် (၂၅) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ရက်ကိုလည်း  မတ်လ ၁ ရက်နေအစား မတ်လ ၁၅ ရက်နေ့သို့ပြောင်းရွေ့ဖွင့်လှစ်ခဲ့ရပြီး ဖြစ်သည်။

အမြင့်ဆုံးကျပ်သိန်းတစ်သောင်းခွဲအထိ ကံထူးနိုင်မည့်ထီလက်မှတ်တစ်စောင်ကို ကျပ်တစ်ထောင်ဖြင့် ရောင်းချရန် အစိုးရသတ်မှတ်ပေးထား၍ ဈေးတင်ရောင်းချမှုမပြုလုပ်ရန် ထုတ်ပြန်ထားသော်လည်း ဝယ်ယူကံစမ်းသူများအနေဖြင့် ထီတစ်စောင် ကျပ် ၁၁၀၀ မှ ၁၅၀၀ အထိ ဝယ်ယူကံစမ်းနေရကြောင်း တွေ့ရှိရသည်။

အောင်ဘာလေထီလုပ်ငန်းသည် မြန်မာနိုင်ငံတွင် လစဉ်ရောင်းချဖွင့်လှစ်ပေးနေသော တရားဝင်အစီအစဉ်ဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ လစဉ်ဖွင့်လှစ်နေခြင်း ဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံတဝန်းရှိ ပုဂ္ဂလိကဘဏ်လုပ်ငန်းဝန်ထမ်းအများစု CDM ပါဝင်လှုပ်ရှားနေသဖြင့် ဘဏ်များပုံမှန်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ စီးပွားရေးလုပ်ငန်းအများစု ထိခိုက်နစ်နာလျက်ရှိကြောင်း သတင်းများက ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts