Tuesday, March 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့တွင် လုံထိန်းများတပ်နေရာဝင်ယူ

    မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့တွင် လုံထိန်းများတပ်နေရာဝင်ယူ

    -

    ဗညားပိုင် (၇ မတ် ၂၀၂၁)

    မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့တွင် ယမန်နေ့မှစတင်၍ စစ်သားနှင့်ရဲများ စသည့်လုံထိန်းတပ်ဖွဲ့များ လုံထိန်းများတပ်နေရာဝင်ယူထားကြောင်း စုံစမ်းသိရှိရသည်။

    ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်နည်းပညာတက္ကသိုလ်အတွင်းသို့ ကား (၉) စီးဖြင့်လည်းကောင်း ယမန်နေ့ ညပိုင်းက မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းသို့လည်းကောင်း စစ်သားနှင့် ရဲများ ဝင်ရောက်နေရာယူလာခြင်း ဖြစ်သည်။

    မော်လမြိုင်နေ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “သပိတ်စစ်ကြောင်းကို ဖြိုခွင်းနေတာမဟုတ်ပဲ ပြည်သူလူထုကို ရန်တွေ့နေသလိုမျိုးဖြစ်နေတယ်၊ ပြီးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့လည်း မဖြေရှင်းဘူး ပိုဆိုးအောင်လုပ်နေသလိုမျိုးပဲ၊ သေနတ်ရှိသူတို့က သေနတ်မရှိတဲ့ပြည်သူတွေကို ပစ်ခတ်တယ်ဆိုကတည်းက လူ့အခွင့်အရေး ချိုးဖောက်တာမကတော့ဘူး လူသတ်တဲ့အဆင့်ထိ ဖြစ်နေပါပြီ” ဟု ပြောသည်။

    စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပြည်သူများကို လုံထိန်းတပ်ဖွဲ့များ ပစ်ခတ်ဖြိုခွင်းနေသည့်ကြားထဲက မော်လမြိုင်မြို့ပေါ်ရှိ ပြည်သူလူထုများ ယနေ့တွင် လှည့်လည် ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

    ထို့အပြင် သထုံသပိတ်စစ်ကြောင်းသည်လည်း ယနေ့နံနက်ပိုင်း ချီတက်ဆန္ဒထုတ်ဖော်ရာမှ ဘင်လှိုင်လမ်းမတွင် ဖြိုခွင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

    ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ဝင်ရောက်တပ်စွဲထားသည့်လုံထိန်းတပ်ဖွဲ့ဝင်များကို လူထုများက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ရာ လုံထိန်းတပ်ဖွဲ့များမှ သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကြောင်း သတင်းရရှိသည်။

    အလားတူ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် သိမ်ဇရပ်မြို့တို့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ အရှိန်အဟုန်မြှင့်တင်၍ ဆက်လက်လှုပ်ရှားရှိကြောင်း တွေ့ရှိရသည်။

    မော်လမြိုင်မြို့ပေါ် ဆန္ဒပြပြည်သူများကို အသံမိုင်း၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်အပြင် ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးမှုရှိလာခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရသူနှင့် ဖမ်းဆီးခံရသူလည်း အများအပြားရှိသည်။

    မော်လမြိုင်မြို့ပေါ်ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်များအနက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဈေးကြိုရပ်ကွက်တွင် အသက် ၂၁ နှစ်အရွယ် မောင်ဇင်မျိုးသူနှင့် မတ် ၃ ရက်နေ့တွင် သီရိမြိုင်ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား မောင်ထက်ဝေထူးတို့ ဦးခေါင်းကျည်ထိမှန် သေဆုံးမှုများ ရှိခဲ့သည်။

    ထို့အပြင် မြန်မာနိုင်ငံမြို့ကြီးတော်တော်များများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲနေ့စဉ်ဖြစ်ပွားလျှက်ရှိရာ လုံထိန်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခြင်းတို့ အရှိန်တိုးမြှင့်ဆောင်ရွက်လာသည့်အပြင် အများနှင့်ဆိုသောနေရာများတွင် တပ်နေရာချထားမှုများရှိလာကြောင်း တွေ့ရှိရသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks