spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းအခြေခံစားသောက်ကုန် မြင့်တက်လာသဖြင့် ထမင်းဆိုင်များ တွက်ချေမကိုက်

    အခြေခံစားသောက်ကုန် မြင့်တက်လာသဖြင့် ထမင်းဆိုင်များ တွက်ချေမကိုက်

    -

    ဗညားပိုင် (၄ မတ် ၂၀၂၁)

    လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ပြည်တွင်းရှိ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီ ဈေးနှုန်းများ ရုတ်တရက်ခုန်တက်သွားသဖြင့် မော်လမြိုင်မြို့ပေါ်ရှိ ထမင်းဆိုင်များ တွက်ချေမကိုက်ဖြစ်လာကြောင်း တွေ့ရှိရသည်။

    စားသုံးဆီတစ်ထုပ်လျှင် ယခင်ကျပ် ၁၄၀၀ မှ ကျပ် ၂၃၀၀ အထိ၊ ကြက်သားမှုန့်အထုပ်ကြီး ယခင်ဈေးနှုန်း ကျပ် ၂၉၀၀ မှ ကျပ် ၃၄၀၀ ထိ ဈေးနှုန်မြင့်တက်လာကြောင်း မော်လမြိုင် ထမင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

    “ရောင်းတာကတော့ အရင်လိုပဲရောင်းနေတယ် ဒါပေမယ့် တွက်ချေကတော့ မကိုက်ဘူး၊ ခုက လာဝယ်စားတဲ့လူလဲ နည်းတော့ အရောင်းအဝယ်လည်း ပါးသွားတယ်၊ ပြီးတော့ ရုတ်တရက် ဈေးနှုန်းတွေတက်လာတော့ အဆင်မပြေတာတွေ ဖြစ်လာတယ်ပေါ့” ဟု ၎င်းက ပြောသည်။

    ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ပထမအပတ်ချိန်ထိတွင် မွန်ပြည်နယ်အတွင်း ရောင်းချနေသော ဆန်အမျိုးအစားများပေါ် မူတည်၍ တစ်အိတ်လျှင် ကျပ် ၂၀၀၀ နှင့် ၃၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာပြီးနောက် အရောင်းအဝယ်လည်းပါးလာကြောင်း ဆန်ရောင်းဝယ်ရေးဆိုင်များထံမှ သိရသည်။

    မော်လမြိုင်မှ ဆန်ရောင်းဝယ်သူတစ်ဦးက “အာဏာစသိမ်းတဲ့တစ်ရက်မှာပဲ ဆိုင်မှာရှိတဲ့ ဆန်အားလုံးကုန်သွားတဲ့အထိ ရောင်းရတယ်၊ ပြီးတော့ အဲ့နောက်ပိုင်း အရောင်းအဝယ်ကတော့ ၃ ပုံ ၂ ပုံလောက် ကျသွားတယ်၊ အရောင်းအဝယ်ကလဲ အေးလာတယ်” ဟု ဆိုသည်။

    လက်ရှိတွင် ဈေးကွက်အတွင်းရှိ ဆန်နှင့် စားသုံးဆီများအပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှတဆင့် တင်သွင်းရောင်းချနေသည့် စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများသည်လည်း နယ်စပ်ငွေလဲနှုန်းအပေါ်မူတည်၍ ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

    ဘဏ်ငွေကြေးစနစ်နှင့် အရာင်းအဝယ် ပိတ်နေသည့်အပေါ် နိုင်ငံခြားမှ တင်သွင်းနေရသည့်စက်သုံးဆီ ဓါတ်ဆီတစ်လီတာဈေးနှုန်း မူလပေါက်ဈေးအထက် ကျပ် ၃၀၀ နီးပါးအထိ ခုန်တက်သွားကြောင်း သတင်းရရှိသည်။

    မြန်မာနိုင်ငံတဝန်းနှင့် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့အပါအဝင် နယ်မြို့များအားလုံးတွင်လည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိခဲ့ရာ စစ်အာဏာသိမ်းမှုစတင်ဖြစ်ပေါ်ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အထိ လုံထိန်းတပ်ဖွဲ့တို့၏ အင်အားသုံးဖြိုခွင်းခြင်းခံခဲ့ရသဖြင့် သေဆုံးသူ (၅၀) ကျော်၊ လက်ရှိ လူ (၁၂၀၀) နီးပါး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်သည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks