spot_img
Wednesday, March 19, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးအင်အားသုံး၍ အကြမ်းဖက်ဖြေရှင်းသည့်နည်းလမ်းကိုအားမပေး နိုင်ငံရေးနည်းလမ်းဖြင့်သာ ထွက်ပေါက်ရှာဖွေရန် မွန်ပြည်သစ်ပါတီတိုက်တွန်း

    အင်အားသုံး၍ အကြမ်းဖက်ဖြေရှင်းသည့်နည်းလမ်းကိုအားမပေး နိုင်ငံရေးနည်းလမ်းဖြင့်သာ ထွက်ပေါက်ရှာဖွေရန် မွန်ပြည်သစ်ပါတီတိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ (၂၇ ဖေဖော်ဝါရီ ၂၀၂၁)

    လက်ရှိဖြစ်ပွားနေသည့်နိုင်ငံရေးပြဿနာအား အင်အားသုံး၍ အကြမ်းဖက်ဖြေရှင်းသည့်နည်းလမ်းကို အားမပေးကြောင်းနှင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ ထွက်ပေါက်ရှာဖွေရန် ယနေ့ကျရောက်သည့် (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီက သဘောထားထုတ်ပြန် တိုက်တွန်းလိုက်သည်။

    နိုင်ငံတကာနှင့် ကုလသမဂ္ဂတို့မှလည်း စစ်အာဏာသိမ်းမှုအား ဖိအားအမျိုးမျိုးပေး၍ ပိတ်ဆို့အရေးယူမှုများ အင်နှင့်အားနှင့် ဆက်တိုက်ပြုလုပ်လာနေသည်ကိုတွေ့ရှိနေရကြောင်း၊ နိုင်ငံသူနိုင်ငံသားများမှလည်း အာဏာသိမ်းမှုအား ဆန့်ကျင်ကြောင်း နိုင်ငံလုံးအနှံ့ စုစုစည်းစည်းဖြင့် အင်အားသိန်းသန်းချီစုစည်း၍ ဆန္ဒပြနေကြကြောင်း၊ ဤနိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲအား သတိကြီးစွာထား၍ မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ကြောင်း မွန်ပြည်သစ်ပါတီထုတ်ပြန်ချက်တွင် ရေးသားဖော်ပြသည်။

    မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက “ဒီကနေ့ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကိုကြည့်မယ်ဆိုရင် စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြနေကြတယ် ဒီအပေါ်မှာ ကျနော်တို့တတွေ အလေးအနက်ထားပြီး သုံးသပ်စေလိုပါတယ်၊ အဓိကအရေးကြီးတာက ပြည်ထောင်စုကြီးတစ်ခုလုံး အေးအေးချမ်းချမ်းနဲ့ရှေရှည်တည်တန့်ခိုင်မြဲစေဖို့ပါ၊ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တည်ဆောက်နိုင်ဖို့ကို ကျနော်တို့ဘဝတူ တိုင်းရင်းသားအားလုံး စုစည်းညီညွတ်စွာနဲ့ ကြိုးပမ်းအားထုတ်သွားသင့်တယ်” ဟု မွန်ပြည်သစ်ပါတီ၏ (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား သဘာပတိအဖွင့်မိန့်ခွန်းတွင် မွန်ဘာသာဖြင့် ပြောကြားခဲ့သည်။

    ထိုင်းနယ်စပ်အနီး မွန်ပြည်နယ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်၌ (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ စစ်ရေးပြအလံတင်အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ မြို့ပေါ်မှ လူငယ်အဖွဲ့အစည်းများ၊ ဂီတအနုပညာရှင်များ၊ လူငယ်ဘင်ခရာအဖွဲ့နှင့် ဒေသခံလူထုတစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

    သို့ရာတွင် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာနှင့် နိုင်ငံရေးအကျပ်အတည်းသည် NLD အာဏာပြန်လည်ရရှိရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအောက် ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အရေးကြီးနေသည်မဟုတ်ပဲ မဟာဝါဒီနှင့် အာဏာရှင်များ ကျဆုံးသွားကာ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်မှသာလျှင် ယခုနိုင်ငံရေး၏ စစ်မှန်သောထွက်ပေါက်အဖြေအား ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ဆိုသည်။

    “မိမိတို့အမျိုးသားရေးကိစ္စ မိမိတို့ကိုယ်တိုင်ဖန်တီးနိုင်ဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ မိမိတို့ မွန်အမျိုးသားထုတစ်ရပ်လုံး စုစည်းညီညွတ်စွာနဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့၊ ဘဝတူတိုင်းရင်းသားတွေနဲ့အတူ လက်တွဲပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့က အရေးကြီးပါတယ်” ဟု နိုင်ဟံသာက ဆိုသည်။

    ထို့အတူ နိုင်ငံအတွင်းဖြစ်ပေါ်နေသော လက်ရှိအခြေအနေကို နှစ်ဖက်စလုံးမှ စိတ်ရှည်သည်းခံမှုဖြင့် အကြမ်းဖက်မှုများ မဖြစ်ပေါ်လာအောင် ညင်သာစွာကိုင်တွယ်ဆောင်ရွက်ကြပါရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကိုနှလုံးသွင်း၍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ရှေးရှုလျှက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားပြီး အင်အားစုအားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုကြောင်း (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား(ဗဟို) သို့ ပေးပို့သော မွန်ညီညွတ်ရေးပါတီ MUP ၏ သဝဏ်လွှာတွင် ဖော်ပြသည်။

    ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပေးပို့သော (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့သဝဏ်လွှာတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မွန်တိုင်းရင်းသားခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားခေါင်းဆောင်အားလုံးတို့၏ ညီညွတ်မှုအင်အားဖြင့် ပင်လုံညီလာခံမှတဆင့် ဆောင်ကျဉ်းပေးနိုင်ခဲ့သော လွတ်လပ်ရေးနှင့် ကျွန်ုပ်တို့ အားလုံး (၂၁) ရာစုပင်လုံညီလာခံကြီးမှနေ၍ ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး ကြိုးပမ်းစိုက်ပျိုးမှုများသည် များမကြာမီကာလအတွင်း အနာဂတ်မျိုးဆက်များအတွက် အသီးအပွင့်ကောင်းများအဖြစ် ရိတ်သိမ်းခံစားနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့အလေးအနက်ယုံကြည်ထားပါကြောင်း ဖော်ပြပါရှိသည်။

    အလားတူ မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မော်လမြိုင်မြို့ မွန်ဓမ္မာရုံနှင့် မြို့နယ်အလိုက်အခမ်းအနားများကိုလည်း သက်ဆိုင်ရာ မြို့နယ်အသီးသီရှိ မွန်ဓမ္မာရုံများတွင် တပြိုင်နက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    ထို့ပြင် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ရုံး-ကြာအင်းဆိပ်ကြီးမြို့နယ်၊ သထုံခရိုင်ရုံး-ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထားဝယ်ခရိုင်ရုံး-ရေဖြူမြို့နယ်နှင့် အမှတ်(၅) တပ်ရင်းရုံး ဗလဲ့ဒွန်ဖိုက်စခန်း ဘုရားသုံးဆူမြို့နယ်တို့တွင် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

    ၁၉၄၆ ခုနှစ်နှစ်ကုန်ပိုင်းတွင် ကျိုက်ခမီမြို့နယ် ပငကျေးရွာ၌ ကျင်းပခဲ့သော မွန်အမျိုးသားညီလာခံက ဟံသာဝတီနေပြည်တော် (ပဲခူး) တည်ထောင်ခဲ့သောနေ့ကိုအစွဲပြု၍ တပို့တွဲလပြည့်ကျော်(၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ပေးခဲ့ပြီး မွန်တိုင်းရင်းသားများ နေထိုင်သည့်ဒေသအသီးသီးတွင် နှစ်စဉ်အခမ်းအနားကျင်းပခဲ့ခြင်းဖြစ်သည်။ 

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,500SubscribersSubscribe
    spot_img

    Latest posts