Saturday, March 14, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းစစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေး CDM ဖြစ်ပေါ်လာပြီး အခြေခံစားသောက်ကုန်များ ဈေးနှုန်းခုန်တက်သွား

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေး CDM ဖြစ်ပေါ်လာပြီး အခြေခံစားသောက်ကုန်များ ဈေးနှုန်းခုန်တက်သွား

    -

    ဗညားပိုင် (၁၉ ဖေဖော်ဝါရီ ၂၀၂၁)

    ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတစ်နိုင်ငံလုံးအနှံ့ဖြစ်ပေါ်လာပြီး အခြေခံစားသောက်ကုန်များ ဆန်နှင့် စားသုံးဆီမှအစ စက်သုံးဆီများအပါအဝင် ကုန်ဈေးနှုန်းများ ရုတ်တရက်ခုန်တက်သွားသည်။

    စစ်အာဏာမသိမ်းခင်က ဈေးကွက်အတွင်းရှိ စားသုံးဆီဈေး ၁၀ ပိဿာပုံးသည် ၂ သောင်းကျော်ဝန်းကျင်သာရှိပြီး ယခုတွင် ၃ သောင်းကျော်ဖြစ်လာကြောင်း မော်လမြိုင် ဆီကုန်သည်တစ်ဦးက ပြောသည်။

    “ရန်ကုန်က ဆီကုန်သည်တွေဆို ဈေးမဖွင့်ဘူး မရောင်းဘူးဖြစ်နေတယ် ဆီကန်တွေလည်း ပိတ်ထားတယ်၊ အခုရှိတဲ့ဆီကိုပဲ ရောင်းနေတော့ အဲဒါကြောင့် ဈေးတွေတက်နေတယ်၊ အခုဆီဈေးက အတက်ဆုံးအခြေအနေပါပဲ” ဟု ၎င်းကဆိုသည်။

    မွန်ပြည်နယ်အတွင်း ရောင်းချနေသော ဆန်များသည် ဆန်အမျိုးအစားများပေါ် မူတည်၍ တစ်အိတ်လျှင် ကျပ် ၂၀၀၀ နှင့် ၃၀၀၀ အကြား ဈေးနှုန်းမြင့်တက်သွားကြောင်း ဆန်ရောင်းဝယ်ရေးဆိုင်များထံမှ သိရသည်။

    သံဖြူဇရပ်မြို့နယ်မှ အိမ်ရှင်မ ဒေါ်မီးက “ခုကဈေးတက်သွားတော့ ဆန်ကိုအကြွေးထားပြီးတော့ ဝယ်ထားရတာပေါ့၊ ပြီးတော့ စားသုံးဆီလဲ ဈေးတက်လာတယ်၊ ကျွန်မတို့လို ဝင်ငွေနည်းသူတွေဆိုရင် အခက်အခဲဖြစ်တယ်” ဟု ၎င်းကပြောသည်။

    လက်ရှိတွင် ဈေးကွက်အတွင်းရှိ ဆန်နှင့် စားသုံးဆီများအပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှတဆင့် တင်သွင်းရောင်းချနေသည့် စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများသည်လည်း နယ်စပ်ငွေလဲနှုန်းအပေါ်မူတည်၍ ဈေးမြင့်တက်နေပြီး အချို့သောပစ္စည်းများသည် ဈေးကွက်အတွင်း ပြတ်လပ်နေကြောင်း တွေ့ရှိရသည်။

    မဲဆောက်နှင့် ဘုရားသုံးဆူနယ်စပ်မြို့တို့တွင် လွန်ခဲ့သည့် ဇန်နဝါရီလအတွင်း ထိုင်းမြန်မာငွေလဲနှုန်း ထိုင်း ၁ ဘတ် မြန်မာငွေအဝင်အထွက် ၄၄/၄၃ ကျပ်ရှိခဲ့ရာမှ ယခုအခါ ၄၉/၄၈ ကျပ်အထိရှိလာကြောင်း၊ ရန်ကုန်မြို့တွင် ဒေါ်လာငွေလဲနှုန်း ၁ ဒေါ်လာ မြန်မာကျပ်ငွေ ၁၀၀ ကျော်မြင့်တက်လာပြီး သောကြာနေ့တွင် ငွေလဲနှုန်း ၁၄၂၅/ ၁၄၄၅ ဝယ်/ရောင်းဈေးရှိကြောင်း၊ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်း ၁,၃၈၃,၀၀၀/ ၁,၃၈၈,၀၀၀ ကျပ်အရောင်းအဝယ်ပေါက်ဈေးရှိနေကြောင်း Online သတင်းအရ သိရသည်။  

    ဘဏ်ငွေကြေးစနစ်နှင့် အရာင်းအဝယ် ပိတ်နေသည့်အပေါ် နိုင်ငံခြားမှ တင်သွင်းနေရသည့်စက်သုံးဆီပြတ်လပ်သွားမည်ကိုလည်း အထူးစိုးရိမ်မှုများရှိနေကြပြီး ဓါတ်ဆီတစ်လီတာဈေးနှုန်းမူလပေါက်စျေးအထက် ၂၀၀ ကျပ်အထိ ခုန်တက်သွားကြောင်း သတင်းရရှိသည်။ ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် အထူးသဖြင့် ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ ပါဝင်ကြသည့်အတွက် ဘဏ်တွေအားလုံးနီးပါးဟာ ပိတ်ထားရပြီး ပိတ်ရက်ကြာလာလေလေ ဘဏ်များနှင့် ချိတ်ဆက်ထားသော စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်စီးဆင်းမှုရပ်တန့်နေသည့်အတွက် လာမည့်လကုန်ရက်များတွင် ပုဂ္ဂလိကလုပ်ငန်းများ၏ ဝန်ထမ်းလစာထုတ်ပေးနိုင်ရေး အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks