spot_img
Sunday, February 22, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးပုဂ္ဂလိကဘဏ်အများစု ပိတ်ထားသဖြင့် Customers များ အခက်အခဲဖြစ်လာ

    ပုဂ္ဂလိကဘဏ်အများစု ပိတ်ထားသဖြင့် Customers များ အခက်အခဲဖြစ်လာ

    -

    ယဉ်ထောမွန် (၁၅ ဖေဖော်ဝါရီ ၂၀၂၁)

    ဘဏ်ဖွင့်ရက်ဖြစ်သော်လည်း ပုဂ္ဂလိကဘဏ်အများစု ဆက်လက်ပိတ်ထားသဖြင့် Customer များ ငွေသွင်းငွေထုတ်မပြုလုပ်နိုင်သောကြောင့် မိမိတို့လုပ်ငန်းခွင်များအတွင်း အခက်အခဲဖြစ်ပေါ်လာကြောင်း ဆက်သွယ်မေးမြန်းမှုအရ သိရသည်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး “ရုံးမတက်နဲ့ ရုန်းထွက်” CDM လှုပ်ရှားမှုတွင် ဘဏ်ဝန်ထမ်းအများစု ပါဝင်ခဲ့ပြီး ယနေ့မနက်ပိုင်းအချိန်အထိ မြို့နယ်အသီးသီးရှိ ပုဂ္ဂလိကဘဏ်အများစုကို ပိတ်ထားသည်။

    သံဖြူဇရပ်မှ ဆားကုန်သည် ဦးငွေသိန်းက “ကုန်သွယ်ရောင်းဝယ်မှုဆိုတော့ ငွေပေးချေဖို့က အခက်အခဲဖြစ်တာပေါ့၊ ဒီနေ့ဆိုရင်တောင် ကိုယ့်နဲ့အရောင်းအဝယ်လုပ်တဲ့သူတွေက ပိုက်ဆံပေးဖို့ဆိုပြီးတော့ ထားဝယ်နေ ဒီအထိလာရတယ်၊ ပိုက်ဆံကိစ္စဆိုတော့ အခြားသူတွေကို ခိုင်းဖို့လည်း အဆင်မပြေဘူးလေ” ဟု ဦးငွေသိန်းက ဆိုသည်။

    အလားတူပင် ပုံမှန်ငွေပေးသွင်းမှုမရှိသောကြောင် ပစ္စည်းအသစ်များ မရရှိနိုင်သောကြောင့် အရောင်းအဝယ်ပြတ်တောက်နိုင်ကြောင်း အချိုရည်ကုမ္ပဏီမှ စာရင်းကိုင်ဝန်ထမ်းတစ်ဦးကပြောသည်။

    “ခါတိုင်းဆိုရင် နေ့တိုင်းစာရင်းချုပ်ပြီးတော့ ဘဏ်ကိုသွားပြီးတော့ ပစ္စည်းထုတ်တဲ့ မူရင်းကုမ္ပဏီဆီကို နေ့တိုင်းပိုက်ဆံသွင်းရတာပေါ့နော်၊ ဘဏ်တွေပိတ်ထားတော့ ပိုက်ဆံလည်းမသွင်းရဘူး ပစ္စည်းအသစ်တွေလည်း မဝင်ဘူးပေါ့” ဟု စာရင်းကိုင်ဝန်ထမ်းက ပြောသည်။

    မော်လမြိုင်မြို့ပေါ်နှင့် အခြားနယ်မြို့များတွင် ရိုးမဘဏ်၊ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ် စသည့်ဘဏ်ခွဲများရှိနေပြီး ဘဏ်ဝန်ထမ်းအားလုံး CDM လှုပ်ရှားမှုတွင် ပါဝင်နေကြသည်ဟု သိရသည်။

    ထို့အတူ မြန်မာ့မီးရထား၊ ပညာရေး၊ ကျန်းမာရေး၊ တရားရုံးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အစိုးရဌာနပေါင်းစုံဝန်ထမ်းများ၏ လက်ရှိ CDM လှုပ်ရှားမှု အလုပ်မဆင်းရေးသပိတ်မှောက်မှုများ ထိရောက်မှုရှိကြောင်း တွေ့ရှိရသည်။

    သို့ရာတွင် မော်လမြိုင်မြို့ မြန်မာ့စီပွားရေးဘဏ်ခွဲ(၁) ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင်ပါဝင်လာရေး ကမ်းနားလမ်းရှိ ဘဏ်ခွဲအရှေ့တွင် မြို့ခံအချို့ထိုင်သပိတ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က “ အရေးကြီးဆုံးက တကယ်တန်းတော့ CDM နော်၊ ဝန်ထမ်းတွေအလုပ်မဆင်းရေး ဒီရက်သတ္တတစ်ပတ်က အရေးအကြီးဆုံး ဒါအဆုံးအဖြတ်ပေးမှာ” ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် တိုက်တွန်းပြောဆိုထားသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ မီးရထား၊ ကား၊ ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊  ငွေကြေးပုံမှန်လည်ပတ်နိုင်ရန် အဓိကအရေးပါသည့် ဘဏ်လုပ်ငန်းများ မထိခိုက်စေရန် လုံခြုံရေးဆိုင်ရာများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ကျင်းပသည့် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့သည်။

    Photo-မော်လမြိုင် မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁) လုံခြုံရေး (Ko Ko Zaw)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks