Saturday, March 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအနိုင်ရ NLD ပါတီနှင့် တပ်မတော်အကြား ပြဿနာများကို နိုင်ငံရေးအရဖြေရှင်းသင့်ကြောင်း မွန်ပြည်သစ်ပါတီသဘောထားထုတ်ပြန်

    အနိုင်ရ NLD ပါတီနှင့် တပ်မတော်အကြား ပြဿနာများကို နိုင်ငံရေးအရဖြေရှင်းသင့်ကြောင်း မွန်ပြည်သစ်ပါတီသဘောထားထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၁၃ ဖေဖော်ဝါရီ ၂၀၂၁)

    မည်သို့သောအကြောင်းကြောင့်ဖြစ်စေ အာဏာကိုအင်အားသုံးရယူခြင်းဖြင့် နိုင်ငံအတွက်များစွာထိခိုက်နစ်နာစေသည်ကို သမိုင်းအဆက်ဆက်ကြုံတွေ့လာခဲ့ရပြီးဖြစ်၍ မွန်ပြည်သစ်ပါတီအနေဖြင့် မလိုလားကြောင်း၊ တပ်မတော်နှင့် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီတို့အကြား ဖြစ်ပေါ်နေသောနေသော ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ပါကြောင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ NMSP ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ) ရက်စွဲဖြင့် သဘောထား ထုတ်ပြန်လိုက်သည်။

    ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းကိုအကြောင်းပြု၍ ပြည်သူတို့၏ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ထားသော NLD အစိုးရထံမှအာဏာကို ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁) ရက်နေ့တွင် တပ်မတော်က အင်အားသုံးရယူခြင်းကြောင့် လူထုဆန္ဒပြမှုများ ကြီးမားကျယ်ပြန့်စွာ ဖြစ်ပေါ်လျှက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့လိုလားချက်ကို ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေမှုမှာ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည်ဟု လက်ခံယုံကြည်ပြီး တပ်မတော်ဘက်မှလည်း အကြမ်းဖက်ဖြိုခွင်းခြင်းမပြုဘဲ  တရားဥပဒေများအနှင့်အညီ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ဖော်ပြထားသည်။

    ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်ဆုံးဖြတ်ချက်အပေါ် ပါတီတွင်းနှင့် မွန်ပြည်သူအချို့လက်မခံဆန့်ကျင်သည့်အမြင်များ ကြီမားနက်ရှိုင်းစွာပေါ်ထွက်လာသောကြောင့် MUP ဗဟိုကော်မတီအစည်းအဝေးခေါ်ယူသင့်ကြောင်း မွန်ပြည်သစ်ပါတီက တိုက်တွန်းလိုက်သည်။

    MUP ပါတီတွင်း မွန်အမျိုးသားထုအတွင်း စည်းလုံးညီညွတ်ရေးကို ရည်မှန်းလျှက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်မည့်အရေးကို MUP မှ ဆွေးနွေးဆုံးဖြတ်ရာတွင် “ပါတီတွင်း ဒီမိုကရေစီနည်းကျကျ အကျေအလည်ညှိနှိုင်းဆွေးနွေးသုံးသပ်ဆုံးဖြတ်ကြပြီး ထွက်ပေါ်လာသည့်ရလဒ်အား လေးစားလိုက်နာသွားကြရန်” အကြံပြုပါကြောင်း မွန်ပြည်သစ်ပါတီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ထို့အတူ လက်ရှိနိုင်ငံရေးအကျပ်အတည်းအပေါ် မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူသည့်နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသောခေါင်းဆောင်များကို ခြွမ်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်တောင်းဆိုကြောင်း၊ နိုင်ငံရေးပြဿနာများကို အင်အားသုံးမဖြေရှင်းခြင်းမပြုဘဲ ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန်တိုက်တွန်းကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA လမ်းကြောင်းအတိုင်း ရပ်တည်ပြီး NCA-S EAO မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အထူးအစည်းအဝေးက ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks