spot_img
Saturday, January 31, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးလူစုလူဝေးဆုတောင်းလှည်လည်ပွဲကျင်းပပြီးသည့်နောက် ဘုရားသုံးဆူမြို့ NLD ဥက္ကဌ ဦးသန်းလွင် ဖမ်းဆီးထိန်းသိမ်းခံရ

    လူစုလူဝေးဆုတောင်းလှည်လည်ပွဲကျင်းပပြီးသည့်နောက် ဘုရားသုံးဆူမြို့ NLD ဥက္ကဌ ဦးသန်းလွင် ဖမ်းဆီးထိန်းသိမ်းခံရ

    -

    မွန်သတင်းအေဂျင်စီ (၇ ဖေဖော်ဝါရီ ၂၀၂၁)

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ပေါ်တွင် ဖေဖော်ဝါရီ ၆ ရက်နေ့ ညပိုင်းအချိန်က လူစုလူဝေးဖြင့် ဖယောင်းတိုင်းမီးထွန်းညှိဆုတောင်းပွဲ ကျင်းပပြုလုပ်၍ မြို့ပေါ်လှည့်လည်ခဲ့ပြီးနောက် ဘုရားသုံးဆူမြို့ NLD ဥက္ကဌ ဦးသန်းလွင် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သတင်းရရှိသည်။

    ယင်းသို့ဖမ်းဆီးထိန်းသိမ်းမှုကြောင့် ရာနှင့်ချီသော NLD အဖွဲ့ဝင်နှင့် ဝန်းရံသူများ ဘုရားသုံးဆူမြို့ရဲစခန်းရှေ့သို့ စုရုံးရောက်ရှိလာပြီး ယနေ့နံနက်ပိုင်းအထိ စောင့်ဆိုင်းလျှက်ရှိကြောင်း နီးစပ်သူများက ပြောသည်။

    “ည ၈ နာရီ ပန်းခြံမှာ ဆုတောင်းပွဲလုပ်ပါတယ်၊ လူထုတွေထောင်နဲ့ချီပါဝင်လာပြီး မြို့ပေါ်လှည့်တယ် အမစုလွတ်မြောက်ပါစေ အာဏာရှင်စီစနစ်ကျဆုံးပါစေလို့ ကြွေးကျော်တယ်၊ ကမ္ဘာမကြေသီချင်းဆိုကြတယ်၊ ဥက္ကဌ ကိုသန်းလွင်အိမ်ဘက်ကို ချီတက်သွားကြတယ် အားလုံးအချိန်တစ်နာရီနီးပါးလောက်ကြာတယ်၊ နောက်တော့ ဥက္ကဌနဲ့ ဒုဥက္ကဌကို လာဖမ်းသွားတယ်” ဟု NLD ဝင်တစ်ဦးက ဆိုသည်။

    ထိုနောက် အရပ်ဝတ်လုံခြုံရေးနှင့် စစ်သားများရောက်ရှိလာပြီး ဦးသန်းလွင်နှင့် ဒုဥက္ကဌ ဦးတင်ဝင်းဦးတို့ ၂ ဦးကို ဘုရားသုံးဆူရဲစခန်းသို့ ည ၁၀ နာရီဝန်းကျင်ခန့်တွင် ခေါ်ဆောင်သွားကြောင်း ၎င်းကဆက်ပြောသည်။

    ၎င်းက “ကျနော်တို့လူစုလည်း ရဲစခန်းရှေ့ကို လိုက်သွားပြီး တောင်းဆိုတယ်၊ ဒါနဲ့ ဒုဥက္ကဌကို သူတို့ပြန်လွှတ်ပေးတယ် ဦးသန်းလွင်တစ်ယောက်ပဲ အခုရဲစခန်းမှာ အထိန်းသိမ်းခံနေရတယ်၊ အခုကျနော်တို့ ရဲစခန်းရှေ့မှာ စုဝေးနေတုန်းပဲ” ဟု ဆိုသည်။

    ကိုဗစ်ကပ်ရောဂါကာလတွင် ယင်းသို့လူစုလူဝေးပြုလုပ်မှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဘုရားသုံးဆူမြို့ ရဲအာဏာပိုင်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

    “လောလောဆယ် သမ္မတကိုစွဲဆိုထားတဲ့ပုဒ်မပါပဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ ဆွဲထားတယ်လို့ သိရပါတယ်” ဟု ၄င်က ပြောသည်။

    အလားတူ ယမန်နေ့တွင် ရန်ကုန်မြို့ပေါ်၌ စစ်အာရှင်ဆန့်ကျင်ရေး အမေစုလွတ်မြောက်ရေး ကြွေးကျော်သံများဖြင့် ထောင်သောင်းနှင့်ချီသော လူထုဆန္ဒပြပွဲ ဖြစ်ပေါ်လျှက်ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတိုက်ရင်ဆိုင်မှုများ မရှိသေးကြောင်း ရန်ကုန်မှလာသော သတင်းများတွင် တွေ့ရှိရသည်။

    ထို့အတူ တစ်နိုင်ငံလုံးရှိ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး တယ်လီဖုန်းလိုင်းအချို့ ဆက်သွယ်မရဖြစ်နေကြောင်း တွေ့ရှိရသည်။

    မြန်မာနိုင်ငံတွင် NLD အစိုးရအား တပ်မတော်က စစ်အာဏာသိမ်းလိုက်ပြီး သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်မှာ ယနေ့တွင် တစ်ပတ်ခန့်ရှိသွားပြီ ဖြစ်သည်။

    တပ်မတော်အနေဖြင့် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်အကြီးအကဲများအပြင် အချို့သော နိုင်ငံရေးပါတီအင်အားစုများ၊ တိုင်းရင်းသားပါတီများနှင့် အရပ်သားများဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဆင့်ဆင့်ကို ဆက်လက်ဖွဲ့စည်းလျှက်ရှိသည်။

    ဘုရားသုံးဆူရဲစခန်းရှေ့ ၇-၂-၂၀၂၁ နံနက်ပိုင်း မြင်ကွင်း

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks