HomeCovid 19ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ပုံမှန်လည်ပတ်နေသော်လည်း ဆေးဝါးပစ္စည်းပြတ်လပ်မည်ကိုစိုးရိမ်

ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ပုံမှန်လည်ပတ်နေသော်လည်း ဆေးဝါးပစ္စည်းပြတ်လပ်မည်ကိုစိုးရိမ်

-

ယဉ်ထောမွန်( ၃ ဖေဖော်ဝါရီ ၂၀၂၁)

သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း ဆက်လက်ထိန်းချုပ်ဆောင်ရွက်လျှက်ရှိသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပြတ်လပ်သွားမည်ကို စိုးရိမ်လျှက်ရှိကြောင်း သံ ဖြူဇရပ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာသန့်ဇင်က ပြောသည်။

“ပုံမှန်အတိုင်းပါပဲ ခရီးသွားလူနာတွေရော ဆေးရုံတက် လူနာတွေရော စစ်ပေးတယ် ထောက်ခံစာတွေလည်းထုတ်ပေးတယ်၊ ကျွန်တော်တို့မှာ ရှိသမျှပစ္စည်းတွနဲ့စစ်ပေးတယ်၊ ဆေးပစ္စည်းတွေ သွားထုတ်တော့လည်း လိုသလောက်တော့ ထုတ်ပေးပါတယ်၊ ဒါပေမယ့် ပြတ်လပ်သွားမှာကိုတော့ စိုးရိမ်မိတာပေါ့”ဟု ဒေါက်တာသန့်ဇင်က ဆိုသည်။

သို့ရာတွင် မော်လမြိုင် Fever Clinic တွင် ယမန်နေ့မှစတင်၍ အနံ့ပျောက်၊ အဖျား၊ လည်ချောင်းနာ စသည့် ကိုဗစ်လက္ခဏာပြသူများအား RDT ဖြင့်စစ်ဆေးခြင်းကိုရပ်နားခဲ့ပြီး အသက်အရွယ်ကြီးရင့်၍ ရောဂါအခံရှိသည့်လူနာများနှင့် အရေးပေါ်လူနာများကိုသာ စစ်ဆေးသွားမည်ဖြစ်ကြောင်း မော်လမြိုင် Fever Clinic တာဝန်ခံဆရာဝန် ဒေါက်တာသက်ကျော်စိုး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအသင်းမှ ဦးဘိုဘိုဝင်းက “ကျွန်တော်တို့ရဲ့ လက်ရှိ Test တွေက ဘယ်လောက်ကျန်သေးလဲမသိဘူး၊ ထပ်ပြီး ရလား မရဘူးလားဆိုတာမသိရဘူး၊ ပစ္စည်းတွေကပြတ်တော့မယ်လို့လည်း ကြားတယ် ၊ဗဟိုရဲ့ကွပ်ကဲမှုတွေလည်း မရှိဘူးဆိုတော့ ကျွန်တော်တို့က နားလိုက်တဲ့သဘောပါ၊ အနံ့ပျောက်လူနာတွေ နည်းသွားလို့ နားလိုက်တာတော့မဟုတ်ပါဘူး” ဟု ပြောသည်။

အနံ့ပျောက်သူများသည် မိမိအစီအစဉ်ဖြင့် နေအိမ်အတွင်းသာနေထိုင်ရန်နှင့် အရေးပေါ်အခြေနေဖြစ်လာပါက သက်ဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းများကို ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ၎င်းကဆိုသည်။

မွန်ပြည်နယ်အနေဖြင့် ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၃၄၆၉  ဦးအထိရှိပြီး ဆေးရုံဆင်းခွင့်ရှိသူ ၃၂၂၆ ဦးနှင့် သေဆုံးလူနာ ၄၄  ဦးအထိရှိကြောင်း  မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တစ်နိုင်ငံလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ ၁၄၀၆၆၄ ဦး ဆေးရုံဆင်းခွင့်ရှိသူ ၁၂၅၈၈၅ ဦးနှင့် သေဆုံးလူနာ ၃၁၄၆ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။    

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts