မင်းအစိုင်း(၂ ဖေဖော်ဝါရီ ၂၀၂၁)
နိုင်ငံတော်အာဏာကို တပ်မတော်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် သိမ်းယူပြီး ဖမ်းဆီးထားသည့် နိုင်ငံခေါင်းဆောင်များကို ပြန်လွှတ်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ဖေဖော်ဝါရီလ (၂) ရက်နေ့က ထုတ်ပြန်တောင်းဆိုထားသည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ဝန်ကြီးချုပ်များ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် အစိုးရအဖွဲ့ဝင်များအား တပ်မတော်မှ ဖမ်းဆီးထိန်သိမ်းထားပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ခြင်းပေါ် အထူးစိုးရိမ်မိပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ပူပန်မှု ဖြစ်ပေါ်နေသည်ဟု ဖော်ပြထားသည်။
KNU ဗဟို ကော်မတီဝင် နော်စီဖိုးရာစိန်က “ ဒါကတော့ ကြည့်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကို ပိုပြီးတော့ အလှမ်းဝေးသွားမှာ ရှိမှာပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်နေတဲ့အစိုးရ၊ ပြည်သူလူထုက တင်မြောက်ထားတဲ့ အစိုးရကို စစ်တပ်က စစ်အာဏာသိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ဖို့အတွက် ယုံကြည်မှုလည်း မရှိတော့ဘူးလို ကျွန်မဒီလိုပဲ ပြောချင်တာပေါ့လေ” ဟု ပြောသည်။
တပ်မတော်မှ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ခြင်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ကြီးမားစွာ အဟန့်အတားဖြစ်စေပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ်အပေါ် လေးနက်မှုမရှိကြောင်းကို ပြသခြင်းဖြစ်ကာ စိန်ခေါ်မှုများစွာရှိနေသော နိုင်ငံ၏ ရှေ့အနာဂတ်အရေးကို ဆိုးဝါးစွာ ထိခိုက်စေမည်ဖြစ်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် နိုင်ငံရေးလမ်းစဉ်ကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးမှုအပိုင်းတွင်လည်း အခက်အခဲများရှိသလို လက်ရှိမှာလည်း ပြည်သူလူထုက တင်မြောက်ထားသည့် အစိုးရကို ဖမ်းဆီးထားသည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာလည်း ယုံကြည်မှုကျဆင်းနိုင်သည်ဟု နော်စီဖိုးရာစိန်က ဆိုသည်။
ထို့အတူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်နေရာတွင် တပ်မတော်မှ အမျိုးသားသင့်မြတ်ရေးလုပ်ငန်းစဉ်ကို စတင်သည့်အနေဖြင့် နိုင်ငံခေါင်းဆောင်များနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးပြီး နိုင်ငံရေးပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် အလေးအနက်တောင်းဆိုထားသည်။
ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အတူတကွ ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့ရာတွင် တဖက်မှာလည်း တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ခိုင်မာသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်နေ့အထိ ရပ်ဆိုင်းထားသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကိုလည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဌအဖြစ်ဦးစီး၍ အတွင်းရေးမှူးအပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၇ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းထားပြီး ဖြစ်သည်ဟု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသမိုင်းတွင် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင်လည်းကောင်း၊ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင်လည်းကောင်း အာဏာသိမ်းခဲ့သည့်ဖြစ်စဥ်များ ရှိခဲ့သည်။