spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းကမာဝက်ရဲစခန်း၌ အမှုစစ်ဆေးစဉ်နှိပ်စက်ခံရသဖြင့် သားဖြစ်သူသေဆုံးခဲ့ရဟု မိခင်ဖြစ်သူယူဆ

    ကမာဝက်ရဲစခန်း၌ အမှုစစ်ဆေးစဉ်နှိပ်စက်ခံရသဖြင့် သားဖြစ်သူသေဆုံးခဲ့ရဟု မိခင်ဖြစ်သူယူဆ

    -

    မွန်သတင်းအေဂျင်စီ (၂၆ ဇန်နဝါရီ ၂၀၂၁)

    မုဒုံမြို့နယ် နှီးပဒေါရွာသား ဝင်းထွန်း (အသက် ၃၂ နှစ်) လူငယ်တစ်ဦးအား လူသတ်မှုသံသယဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် ကမာဝက်ရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမှုစစ်ဆေးနေစဉ် နှိပ်စက်ခံရသဖြင့် သေဆုံးခဲ့ရသည်ဟု ယူဆကြောင်း မိခင်ဖြစ်သူ ဒေါ်စန္ဒာက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    ထိုနေ့နံနက်စောစောအချိန်က နှီးပဒေါကျေးရွာတွင် ရွှေ့ပြောင်းလုပ်သားတစ်ဦး လက်သည်မပေါ် အသတ်ခံရမှုကို သံသယရှိသည်ဟုဆိုကာ ကမာဝက်နယ်မြေရဲစခန်းမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စခန်းအတွင်းစစ်ဆေးနေစဉ် ဦးခေါင်းအတွင်းဒဏ်ရာဖြင့် ဝင်းထွန်း(ခေါ်) အောင်ဝင်းထွန်း(ခေါ်) အောင်မျိုးထွန်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်စန္ဒာ(ခေါ်) ဒေါ်ဒါက ဆိုသည်။

    “သားကိုဖမ်းသွားပြီးတော့ အဲဒီနေ့ ညနေ ၃ နာရီခွဲလောက်မှာ ကမာဝက်ရဲစခန်းကို ကျမလိုက်သွားပြီး ထမင်းသွားပို့တယ်၊ အမှန်ကတော့ ရဲစခန်းကို ကျမရောက်သွားတဲ့အချိုန်မှာ ကျမသား အနှိပ်စက်ခံရလို့ အသက်မရှိတော့ပါဘူး၊ ဒါကို ရဲတွေက ကျမကိုလုံးဝ အသိမပေးခဲ့ပါဘူး၊ သူတို့ဖာသာအလုပ်ရှုပ်နေကြတယ်၊ ဒါနဲ့ပဲ တာဝန်ရှိသူအရာရှိတစ်ဦးက ကျမကိုခေါ်ပြီး ကျမသားမှာ ဘာရောဂါအခံရှိလဲလို့မေးတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက အသည်းရောင်အသားဝါတစ်ခါဖြစ်ခဲ့ဘူးတာလို့ ကျမအမှန်အတိုင်းပြောခဲ့တယ်၊ နောက်ပြီး ကျမကို စာရွက်တစ်ခုပေါ်မှာ လက်မှတ်ထိုးခိုင်းလို့ ထိုးပေးလိုက်တယ်”ဟု ဒေါ်စန္ဒာက ပြောသည်။

    ထိုနောက် ည ၇ နာရီခန့်တွင် ရဲစခန်း၌ မိမိရှိနေစဉ် လွတ်မြောက်လာသည့် အချုပ်သားတစ်ဦးပြောပြချက်အရ သားဖြစ်သူ ဝင်းထွန်း သေဆုံးရသည်ကို သိရှိသည်နှင့်တပြိုင်နက် ခင်ပွန်းဖြစ်သူ ဦးသန်းထွန်လေးထံ ဖုန်းဆက်အသိပေးခဲ့ကြောင်း၊ မော်လမြိုင်ဆေးရုံကြီးသို့ ရုပ်အလောင်းအား စစ်ဆေးရန် ည ၇ နာရီခွဲအချိန်ခန့်တွင် မော်တော်ကားပေါ်တင်နေစဉ် အဝတ်အစားများဖုံးအုပ်ပေးပါဟု  မိမိအတင်းတောင်းဆိုသဖြင့် ကားတခါးဖွင့်ပေး၍ အလောင်းကို မိမိကိုင်တွယ်ထိတွေ့မိခဲ့ကြောင်း၊ သားဖြစ်သူ၏ ဦးခေါင်းနေရာနှင့်မျက်နှာအား ကိုင်တွယ်ကြည့်ရာတွင် ဦးခေါင်းတစ်ခုလုံးတွင် ဆံပင်များရေစိုနေကြောင်း၊  ထို့အပြင် ခန္ဓာကိုယ်နေရာတော်တော်များများတွင်လည်း ညိုမဲဒဏ်ရာများတွေ့ရှိရသဖြင့် ရဲစခန်းတွင်အပြင်းအထန်နှိပ်စက်ခံရပြီး သေဆုံးခဲ့ရသည်ဟု ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။

    ဒေါ်စန္ဒာက “ကျမသားဦးခေါင်းအတွင်းဒဏ်ရာနဲ့ သေဆုံးရတယ်လို့ ဆရာဝန်က ကျမကိုပြောထားတယ်၊ သာမန်သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး၊ သူ့မှာ ဘာရောဂါအခံမှလည်းမရှိပါဘူး၊ ရာဘာခြံအလုပ်လုပ်နေတာ ကျန်းကျန်းမာမာပဲ၊ ဒါပေမယ့် ရွာဥက္ကဌကလည်း ကျမတို့မိသားစုအပေါ် အခုကိစ္စကို ဘာမှအကျိုးအကြောင်းရှင်းပြတာမရှိပါဘူး၊ ကျမသားအခုလိုသေရတာ လုံးဝမကျေနပ်ပါဘူး၊ ဘယ်နေရာ ဘယ်လိုတိုင်ကြားရမလဲ ဘာဆက်လုပ်သွားမလဲဆိုတာ ကျမတို့ဆက်ပြီး တိုင်ပင်နေကြတုန်းပဲ” ဟု ဆိုသည်။

    ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မွန်သတင်းအေဂျင်စီက နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်မေးမြန်းရာတွင် မအားလပ်ဟုအကြောင်းပြကာ ဖြေကြားရန်ငြင်းဆိုခဲ့သည်။

    သို့ရာတွင် ကမာဝက်နယ်‌မြေရဲစခန်းတွင် “ဝင်းထွန်း” အား စစ်ဆေးနေစဉ် သေဆုံးမှုနှင့်ပတ်သက်၍ နှီးပဒေါကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကမာဝက်နယ်မြေရဲစခန်းမှ စခန်းမှူးတို့က သေဆုံးသူ ဝင်းထွန်းကို ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်မှုမရှိပါကြောင်းနှင့် ရောဂါဟောင်းများကြောင့် အသက်ရှူကြပ်၍သေဆုံးခဲ့ရသည်ဟု ထွက်ဆိုခဲ့ကြောင်း လူမှုကွန်ယက်အချို့တွင် ဖော်ပြထားသည်။

    ယင်းသေဆုံးမှုဖြစ်စဉ်အပေါ် အမှုပိတ်သိမ်းနိုင်ရေးအတွက်  ကမာဝက်နယ်မြေရဲစခန်းမှ စခန်းမှူး‌ရဲအုပ်ကျော်မြင့်နိုင်က ကမာဝက်နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂/၂၀၂၁)ဖြင့် ဇန်နဝါရီလ(၂၃)နေ့တွင် အမှုရေးဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။

    Caption- ဝင်းထွန်းရုပ်အလောင်း ဦးခေါင်းဒဏ်ရာ စစ်ဆေးခဲ့ပြီးတွေ့ရပုံ( Blackrose)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts