မွန်သတင်းအေဂျင်စီ (ဇန်နဝါရီ ၁၂)
ကယားပြည်နယ်အခြေစိုက်ပါတီများဖြစ်သော ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီတို့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်အဖွဲ့တို့ လွိုင်ကော်မြို့တွင်နေရာညှိနှိုင်းမရသဖြင့် ဇန်နဝါရီ ၁၂ ရက်နေ့ တွေ့ဆုံပွဲထပ်မံပျက်ခဲ့ကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်က မွန်သတင်းအေဂျင်စီကို ပြောသည်။
ဦးသဲရယ်က “နေရာတစ်ခုထဲနဲ့ပဲ သူတို့ဘက်က လိုက်လျောပေးနိုင်ခြင်းမရှိဘူးဆိုတော့ တခြားသော နိုင်ငံရေးကိစ္စရပ်တွေ တိုင်းရင်းသားအရေးကိစ္စရပ်တွေ သူတို့နဲ့ဆွေးနွေးခဲ့မယ်ဆိုလို့ရှိရင်လည်း အလုပ်ဖြစ်ပါ့မလားဆိုပြီး သံသယဖြစ်မိတာပေါ့လေ၊ အခုဟာက ဗဟိုကနေကြိုတင် ဆက်သွယ်တာလည်းမရှိဘူး စာပေးပို့တာလည်းမရှိဘူး နောက်ပြီးတော့ တတိယနေရာကို ကျနော်တို့ရွေးပြီးဆွေးနွေးကြရအောင် ပြောတာတောင်မှ သူတို့လက်မခံဘူးဖြစ်တဲ့အခါကျတော့ ကျနော်တို့အနေနဲ့က သူတို့နဲ့သွားတွေ့စရာ အကြောင်းမရှိဘူးပေါ့နော်”ဟု ဆိုသည်။
အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်အဖွဲတို့ ပြီးခဲ့သည့်မွန်ပြည်နယ်ခရီးစဥ်တွင်လည်း မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံကြမည့်နေရာညှိနှိုင်းမရသဖြင့် ဇန်နဝါရီလ ၄ ရက်နေ့က နှစ်ဖက်တွေ့ဆုံဆွေးနွေးမည့် အစီအစဉ် တစ်ကြိမ်ပျက်ခဲ့ပြီး ဖြစ်သည်။
“သူတို့အဓိကလာတာက သူတို့ပါတီကိစ္စဖြစ်တယ် ကျနော်တို့နဲ့တွေ့ဖို့က ဒုတိယဦးစားပေးဖြစ်တယ် ဆိုတော့ ကျနော်တို့အနေနဲ့လည်း ဒီအပေါ်မှာ သိပ်ပြီးတော့အားရကျေနပ်မှုမရှိဘူးပေါ့နော်၊ ပြီးခဲ့တဲ့တစ်လကတည်းက ကျနော်တို့နဲ့တွေ့ဆုံဖို့ကိစ္စ ဒေါက်တာအောင်မိုးညိုနဲ့ အချိတ်အဆက်ရတယ်၊ ကျနော်တို့နဲ့ လာတွေ့ဖြစ်ခဲ့ရင် ကြိုပြီးတော့ အကြောင်းကြားပါ၊ ပြီးတော့ တရားဝင်စာနဲ့ပေနဲ့ ပေးပို့တာမျိုး တရားဝင်လုပ်ပေးပါ ကျနော်က အဲလိုပဲ မေတ္တာရပ်ခံထားတာပေါ့နော် အစကပြောတော့ လက်ခံပါတယ် ဒါပေမယ့် တကယ့်တကယ်လာတော့ မနေ့ကဆိုရင် သူတို့အကြောင်းကြားလာတာ မရှိဘူး စာနဲ့ပေနဲ့ အကြောင်းကြားတာလည်းမရှိဘူး ပြည်နယ်ကတဆင့် ဆက်သွယ်လာခိုင်းတာပါပဲ” ဟု ဦးသဲရယ်က ဆက်ပြောသည်။
သို့ရာတွင် ပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီများကို ဧည့်သည်အဖြစ် NLD ဖိတ်ကြားခြင်းဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ဆိုသည်။
“ကျနော့် NLD အဖွဲ့ချုပ်ရုံးကို ဖိတ်ကြားပါတယ်၊ ဧည့်သည်က အိမ်ရှင်ရုံးကို မလာလိုပါဘူး တခြားနေရာကိုပဲ လာနိုင်ပါတယ်ဆိုတယ် ဒါကတော့ ဧည့်သည်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ ဆိုတော့ ကျနော်တို့ဖိတ်ကြားတာကိုမလာတဲ့အတွက် ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲမဖြစ်ပါဘူး”ဟု ၎င်းက ပြောသည်။
လက်ရှိအနေအထားတွင် NLD အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရပုံစံ အမှန်တကယ်ပုံဖော်လိုတယ်ဆိုရင် တတိယနေရာတစ်ခုတွင်သာ တွေ့ဆုံဆွေးနွေးသင့်ကြောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက အကြံပြုသည်။
ဒေါက်တာရန်မျိုးသိမ်းက “NLD ပါတီအနေနဲ့ပေါ့လေ တိုင်းရင်းသားပါတီတွေနဲ့ တကယ်လက်တွေ့ကျကျညှိနှိုင်းပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရပုံစံကို ပုံဖော်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို NLD ပါတီဌာနချုပ်လည်းမဟုတ် နောက်ပြီးတော့ တိုင်းရင်းသားပါတီတွေရဲ့ ရုံးချုပ်လည်းမဟုတ်တဲ့ တတိယနေရာမှာကျင်းပနိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် NLD ဗဟို တိုင်းရင်းသားရေးရာကော်မတီဥက္ကဌ ဦးအင်ထုံးခါးနော်ဆန်တို့ ပါဝင်သော NLD အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့၏ ကချင်၊ မွန်နှင့် ကယားပြည်နယ် ယခုနှစ်ဆန်းပိုင်းခရီးစဉ်အတွင်း တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံမှု အောင်မြင်မှုမရရှိသေးပေ။
အနိုင်ရ NLD ပါတီဖွဲ့စည်းသွားမည့် အမျိုးသားညီညွတ်ရေးအစိုးရတွင် တိုင်းရင်းသားများ အတူတကွပူးပေါင်းပါဝင်ကြရန် တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီသို့ ပြီးခဲ့သည့်ဒီဇင်ဘာလက စာရေးသားအကြောင်းကြားခဲ့ခြင်းဖြစ်သည်။