Homeသတင်းလူ ၇ ဦး ကား ၂ စီးမှ မူးယစ်ဆေးပြား တစ်သိန်းကျော်နှင့် လက်နက်များဖမ်းဆီးရမိ

လူ ၇ ဦး ကား ၂ စီးမှ မူးယစ်ဆေးပြား တစ်သိန်းကျော်နှင့် လက်နက်များဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (၂၈ ဒီဇင်ဘာ ၂၀၂၀)

သံဖြူဇရပ်-မော်လမြိုင်ကားလမ်းအတိုင်း မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာ အပါးချမ်းစက်သုံးဆီဆိုင်ရှေ့တွင် မော်တော်ကားနှစ်စီးဖြင့် လူ ၇ ဦးထံမှ မူးယစ်ဆေးပြားတစ်သိန်းကျော်နှင့် လက်နက်များ ဒီဇင်ဘာ ၂၈ ရက် ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း မုဒုံမြို့မရဲစခန်းထံမှ သတင်းရရှိသည်။

ရဲတပ်ဖွဲ့ဝင်များ သတင်းအရ စောင့်ဆိုင်းနေချိန် သံဖြူဇရပ်မြို့ဘက်မှလာသော CHEVROLET အမျိုးအစား အနက်ရောင် မော်တော်ယာဉ်သည် Probox အမျိုးအစား အပြာရောင် မော်တော်ယာဉ်ပေါ်သို့ အထုပ်များတင်ပေးလိုက်သည်ကိုတွေ့ရှိရပြီး ၎င်းယာဥ်နှစ်စီးကို စစ်ဆေးရာမှ မူးယစ်ဆေးဝါးများနှင့် လက်နက်များဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“ပြည်နယ်မှုခင်းကတပ်ဖွဲ့ဝင်တွေနဲ့ ကျနော်တို့စခန်းကအဖွဲ့တွေ သတင်းရပြီးစောင့်ဆိုင်းဖမ်းဆီးတာပါ၊ လက်နက်တွေနဲ့ မူးယစ်ဆေးပြား အပြားရေ သိန်းကျော်မိတယ်၊ အားလုံးအမှုဖွင့်အရေးယူထားပါတယ်”ဟု မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးထွန်းက ပြောသည်။

Probox အမျိုးအစား ယာဉ်ပေါ်မှ ဘုရားသုံးဆူမြို့နေ ကျော်မြင့်အောင်(ခ) အရှည်ကြီး(၃၉)နှစ် ရေးမြို့နယ်မှ ချမ်းမွန်(၄၀) နှစ် တို့(၂)ဦးကိုတွေ့ရပြီး W/R စာတန်းပါ စိတ်ကြွဆေးပြား (၉၅၀၀၀)ပါ ပါကင်အထုပ်ကြီး(၁၀)ထုပ်၊ (၇၆၀၀)ပြားပါ ပါကင်ထုပ်ကြီး (၁)ထုပ် စုစုပေါင်း (၁၀၂,၆၀၀)ပြားနှင့် ချမ်းမွန်ဝတ်ဆင်ထားသည့် ဘောင်းဘီခါးကြားအတွင်း ထိုင်ဝမ်နိင်ငံထုတ် 9 mm ပစ္စတိုအမျိုးအစားသေနတ်(၁)လက် ကျည်(၄) တောင့်၊ ကျော်ဗိုလ်ဗိုလ် (၃၅)နှစ် မောင်းနှင်လာသော Cheverolet ယာဉ်ပေါ်တွင် မစန္ဒာမော်(၄၀) နှစ်၊ မဝါ(၃၉)နှစ်၊ ဒေါ်လေးကြည်(၅၆)နှစ်၊ ဒေါ်မညို (၅၅)နှစ်တို့ လိုက်ပါစီးနင်းလာပြီး ကျော်ဗိုလ်ဗိုလ် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၇၀)ပြား ဂျာမဏီနိုင်ငံထုတ် ပစ္စတိုသေနတ်(၁)လက် ကျည်(၂၈) တောင့်၊ တူရကီနိင်ငံထုတ် MK12 အမျိုးအစား သေနတ်(၁)လက် ကျည် (၄)တောင့် ကိုဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းကဖော်ပြသည်။

“အခုလို မျာများဖမ်းဆီးနိုင်တာ လေးစားတယ်၊ အရေအတွက် များတယ်၊ ပြည်နယ်မှုခင်းအဖွဲ့က အကြီးတွေလိုက်တယ်ထင်တယ်၊ ဖမ်းပါဆီးပါ ဒီမူးယစ်ဆေးက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး၊ လူပတ်ဝန်းကျင်တစ်ခုလုံးမှာ ဘယ်သူ့ကိုမှအကျိုးမပြုတဲ့ ဒီမူးယစ်ဆေးတွေပျံနှံ့နေတာ စိတ်ကုန်ဖို့ကောင်းတယ်၊ အမြစ်ပြတ်ချေမှူန်းကြပါလို့ တောင်းဆိုချင်ပါတယ်”ဟု မုဒုံမြို့ခံ ကိုဗညားထောက ပြောသည်။

အဆိုပါဖမ်းဆီးရမိသော လူ(၇)ဦးအပေါ် မုဒုံမြို့မရဲစခန်းမှ မယ(ပ)၉၇/၂၀၂၀ မူး/စိတ်ဥပဒေပုဒ်မ-၁၉(က)/၂၂(ခ)/၂၁ အရ အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts