မွန်သတင်းအေဂျင်စီ (၂၄ ဒီဇင်ဘာ ၂၀၂၀)
ရေးမြို့နယ် လမိုင်းမြို့ မြို့မ(၁)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မောင်နှမနှစ်ဦးထံမှ ဒီဇင်ဘာလ ၂၃ ရက်နေ့ ည နေပိုင်းအချိန်က မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း လမိုင်းနယ်မြေရဲစခန်းထံမှ သတင်းရရှိသည်။
“ကျနော်စခန်းကအဖွဲ့တွေ သတင်းရပြီး ဝရမ်းနဲ့ဝင်ဖမ်းတာပေါ့၊ ဆေးပြား(၃၀)နဲ့ ICE (၀ ဒဿမ ၇) ဂရမ်မိတယ်၊ သူတို့နှစ်ယောက်က မောင်နှမတွေပါ၊ အခုတော့ ဥပဒေအတိုင်းအရေးယူထားပါတယ်”ဟု လမိုင်းနယ်မြေရဲစခန်းမှ ရဲအုပ်ဉာဏ်လင်း က ပြောပါသည်။
မြို့မ(၁)ရပ်ကွက် ရတနာမွန်ရပ် ကျိုက်ပေါ့လမ်းနေ မနီလာဝင်း(၃၁-နှစ်) ၏ နေအိမ်ကို လမိုင်းနယ်မြေရဲစခန်းတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေရာ မောင်ဖြစ်သူ အောင်စိုးထွေး (၂၇-နှစ်) နှင့်အတူ မူးယစ်ဆေးဝါးများကို ဖမ်းဆီမိခြင်းဖြစ်သည်။
အောင်စိုးထွေး ကိုင်ဆောင်ထားသည့် ပိုက်ဆံအိတ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၃)ပြား နေအိမ်ဗီဒိုအပေါ်ရှိ ကော်ဗူးအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၆) ပြား R စာတမ်းပါလိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၄)ပြား စုစုပေါင်း (၃၃)ပြား အိမ်ခြံစည်းရိုးအနီးရှိကော်ဗူးအတွင်းမှ ICE ပုံဆောင်ခဲ (ဝ.၇)ဂရမ် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။
အဆိုပါဖမ်းဆီးရမိသော ၎င်းတို့မောင်နှမနှစ်ဦးအပေါ် လမိုင်းနယ်မြေရဲစခန်းမှ မယ(ပ)၃၇/၂၀၂၀၊မူး/စိတ်ပြောင်းဥပဒေပုဒ်မ၊၁၉(က)/၂၀(က)/၂၁ အရ အမူဖွင့်အရေးယူထားသည်ဟု သိရသည်။
ယခုဖမ်းဆီးရမိသည့်ဖြစ်စဉ်မှာ တဆင့်ခံဖြန့်ဖြူးရောင်းချသူများမဟုတ်ဘဲ သုံးစွဲသူများသာ ဖြစ်နိုင်သည်ဟု နီးစပ်သူများက ယူဆပြောဆိုသည်။
“မူးယစ်ဆေးဖမ်းတာက ဘယ်လိုပြောရမလဲ ကောင်းတယ်ပေါ့၊၂ ပြား ၃ ပြား သုံးစွဲတဲ့လူဖမ်းတာတော့ မကောင်းဘူး၊ ရောင်းတဲ့လူတွေဖမ်းပေါ့၊ ရောင်းတဲ့လူမရှိရင် သုံးတဲ့လူက ဘယ်မှာသွားဝယ်မလဲ၊ အဲဒါမှ ပပျောက်မှာပေ့ါနော်”ဟု မော့ကနင်ကျေးရွာသား တစ်ဦးကပြောပါသည်။
၂၀၂၀ ခုနှစ်အတွင်း ရေမြို့နယ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း (၁၂၄)မှု ဖမ်းဆီးရမိသည့်ဖြစ်စဉ်တွင် ရေးမြို့မရဲစခန်းမှ(၆၄)မှု လမိုင်းနယ်မြေရဲစခန်းမှ(၃၇)မှု နှင့် ခေါဇာနယ်မြေရဲစခန်းမှ (၂၃)မှုတို့ဖြစ်ကြောင်း သိရသည်။