spot_img
Wednesday, May 8, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးတိုင်းရင်းသားအရေးဆွေးနွေးလို့ အဆင်ပြေကြတယ်ဆိုရင်တော့ ပူးပေါင်းဆောင်ရွက်ကြမယ်- မွန်ညီညွတ်ရေးပါတီဥက္ကဌ နိုင်တင်အောင် အင်တာဗျူး

    တိုင်းရင်းသားအရေးဆွေးနွေးလို့ အဆင်ပြေကြတယ်ဆိုရင်တော့ ပူးပေါင်းဆောင်ရွက်ကြမယ်- မွန်ညီညွတ်ရေးပါတီဥက္ကဌ နိုင်တင်အောင် အင်တာဗျူး

    -

    စိုင်းထွန်းစံ (၂၄ ဒီဇင်ဘာ ၂၀၂၀)

    ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရွေးကောက်ပွဲအနိုင်ရ NLD နှင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ တန်းတူညီမျှရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များ၊ အစိုးရသစ် ပြန်လည်ဖွဲ့စည်းမည့်အပေါ် သဘောထားအမြင်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲတွင် နေရာ ၁၂ နေရာအထိ အနိုင်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီမှ ဥက္ကဌ နိုင်တင်အောင်အား မွန်သတင်းအေဂျင်စီသတင်းထောက်  စိုင်းထွန်းစံ တွေ့ဆုံမေးမြန်းသည်။

    မေး – ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် NLDက တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးဖို့ပြင်ဆင် နေတယ်လို့သိရတယ်။ဒါနဲ့ပတ်သက်ပြီး  MUP အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ။

    နိုင်တင်အောင် – သူတို့ပေးလာတဲ့စာတော့ရတယ်။ ဒါပေမဲ့ အဲ့ဒီစာကသူတို့အနေနဲ့ အသိပေးတဲ့စာပါပဲ။ ဆွေးနွေးဖို့ သုံးယောက်ရွေးထားတယ်လို့ ဒေါက်တာမျိုးညွန့်က မီဒီယာထုတ်ပြောတာပဲသိတယ်။ ဒေါက်တာမျိုးညွန့် ပြော တာတော့ သိတယ်။ ပြောချင်တာက ဒီဟာနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ သဘောထားကို သိရအောင် ဒီသုံးယောက်အဖွဲ့ကိုဖွဲ့တယ်လို့ပဲ နားလည်လိုက်တယ်။ တိုင်းရင်းသားတွေရဲ့ သဘောထား ခံယူချက်ကို သိနိုင် ဖို့ဖွဲ့တာဆိုရင်တော့ သိပ်တော့ သဘာဝမကျဘူး။ တိုင်းရင်းသားတွေက သူတို့ရဲ့ ခံယူချက်သဘောထားကို သွေးနဲ့ တောင်ပြခဲ့ပြီးပြီး အနှစ် ၇၀ ကျော် လက်နက်ကိုင် တိုက်ပွဲနဲ့ရော ပြည်တွင်းမှာ ငြိမ်းချမ်းစွာနဲ့ နှစ်မျိုးလုံး လုပ်နေ ကြတာပဲ။ အဲ့ကနေဘာရလည်းဆိုတော့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုနေတာ။ ဒီအဖွဲ့ကို ဖွဲ့ဖို့ မလိုဘူးလို့ထင်တယ်။ ၂၁ ရာစုပင်လုံလည်းလုပ်ခဲ့ပြီး လေးကြိမ်တောင်ရှိသွားပြီး ဘာမှလည်း အဖြေထွက်မလာ ဘူးလေ။

    မေး – ရွေးကောက်ပွဲ မတိုင်မီ NLD က သီးသန့် ရပ်တည်မယ်ဆိုတဲ့ သဘောမျိုး ပြောထားတာတွေ့ရတယ်။ အခု တိုင်းရင်းသာတွေနဲ့ ဆွေနွေးမယ်ပြောတဲ့အပေါ် ဘယ်လိုထင်လဲ။

    နိုင်တင်အောင် – ဆွေးနွေးဖို့လည်း လိုအပ်ပါတယ်လေ။ မြန်မာပြည်ရဲ့ အနေထား လက်ရှိအခြေနေအရ အင်မတန် အရေးကြီးပါတယ်။ လွန်ခဲ့တဲ့အနှစ် ၇၀ လုံးလုံးတိုင်းရင်းသာအရေးနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းပြောရရင် ဗမာနိုင်ငံရေးသမားတွေက ပြစ်ပယ်ထားတယ်။ လက်တွေ့လုပ်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက် ရမယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရမယ်။ ပင်လုံသဘောတူညီချက်ကို အကောင်ထည် ဖော်ရမယ်။

    မေး – NLD နဲ့ဆွေးနွေးတဲ့အခါ အခွင့်အရေးတွေ တန်းတူဆွေးနွေးခွင့် ရရှိမယ်လို့ထင်ပါသလား။

    နိုင်တင်အောင် – တန်းတူအခွင့်အရေး မရဘူးဆိုရင် ကျွန်တော်တို့ မဆွေးနွေးဘူးလေ။ ရှင်းရှင်းပဲ ဗမာပြည်တည် ဆောက်ဖို့က တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုပေးရမယ်။ အဲ့သလိုသဘောထား မရှိဘူးဆို ရင်တော့ မဆွေးနွေးတော့ဘူးလေ။ ဆွေးနွေးစရာအကြောင်းလည်းမရှိတော့ဘူး သူလုပ်ချင်သလိုလုပ် တော့ပေါ့ သူ့မှာ အာဏာရှိတာကိုး။

    မေး – အခုလက်ရှိအချိန်အထိ တရားဝင်ဆွေးနွေးဖို့ အကြောင်းမကြားသေတဲ့အပေါ်မှာ ဘယ်လိုမြင်သလဲ။

    ဖြေ။ ။ ဆွေးနွေးဖို့အဖိတ်ခေါ်ထားတော့ ဘာမှတော့ မလုပ်ထားဘူး။ အနေအထားကတော့ တန်းတူရေးကို အခြေ ခံပြီးတော့ မဆွေးနွေးဘူးဆိုရင် သွားဖို့အစီစဉ်လည်းမရှိပါဘူး။ သူတို့ခေါ်ရင်တော့ ဆွေးနွေးမယ်။ ခေါ်တယ်ဆို တာက တန်းတူရေးကို အခြေခံပြီးဆွေးနွေးပွဲ ဖြစ်မယ်။ အမိန့်ပေးတဲ့နည်းနဲ့ ဆွေးနွေးလို့တော့ မရဘူး။

    မေး။ ။ ဖက်ဒရယ်အရေးနဲ့ပတ်သက်ပြီး NLD နဲ့ ပူးပေါင်းဆောင်ရွက်သွားမလား။ ဒါမှမဟုတ် ကိုယ့်လမ်းကြောင်းနဲ့ကိုယ်ကြိုးစားသွားမလား။

    နိုင်တင်အောင် – ကျွန်တော်တို့ပါတီ အနေနဲ့ တိုင်းရင်းသားပါတီဖြစ်တာကိုး မဟာမိတ်ဖွဲ့မှာက တိုင်းရင်းသား အချင်းချင်း မဟာမိတ်ဖွဲ့ဖို့ရှိတယ်။ ဒါပေမဲ့ NLD ကတိုင်းရင်းသားအပေါ် သဘေားထားမှန်မယ်ဆိုရင် စဉ်စားဖို့ တော့ လိုပါတယ်။ နိုင်ငံရေးလုပ်တာက မဟာမိတ် ကျယ်ပြန့်ဖို့လိုပါတယ်။ ကျင်းမြောင်းတဲ့ လူမျိုးရေးအမြင်တော့ မရှိဘူး။ ပါတီမှာက လူးမျိုးစုံချစ်ကြည်သွေးစည်းရေး အမြင်ပဲရှိတယ်။ မှန်ကန်တဲ့ နိုင်ငံရေးလမ်းစဉ်တိုင်းသွားမယ် ဆိုရင်တော့ NLD ကိုကြိုဆိုပါတယ်။ ပြီးခဲ့တဲ့အချိန်တုန်းက NLD ကတိုင်းရင်းသားတွေကို ပြစ်ပယ်ထားတယ် အဲ့လိုပဲ မြင်တယ်လေ။

    မေး – မွန်ပါတီ အနိုင်ရရှိမှုက အရင်ကထက်များလာတာကြောင့် လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေရဲ့ ဘယ်လိုနေ ရာမျိုးတွေမှာနေရာပေးဖို့လိုတယ်ဆိုတဲ့သဘောထားမျိုးရှိလား။

    နိုင်တင်အောင် – နိုင်ငံရေးပြသနာကို အရင်ဆွေးနွေးစေချင်တယ်။ တိုင်းရင်းသားအရေးတွေကို အရင်ဆုံး ပိုဆွေး နွေးစေချင်တယ်။ အဲ့တိုင်းရင်းသားအရေးဆွေးနွေးလို့ အဆင်ပြေကြတယ်ဆိုရင်တော့ ပူးပေါင်းဆောင်ရွက် ကြ မယ်။ လွှတ်တော်မှာလည်း ပူးပေါင်းရမှာပေါ့။ အစိုးရဖွဲ့တဲ့ နေရာတွေမှာလည်း ပူးပေါင်းရမှာပေါ့။

    မေး။ ။ NLD ပါတီကနေပြီးတော့ အမျိုးသားညီညွတ်ရေး အစိုးရပုံစံမျိုး ဖွဲစည်းမည်လို့ ပြောထားတဲ့အပေါ်မှာ ဘာပြောချင်လဲ။ ဆွေးနွေးတဲ့အခါမှာ ထည့်သွင်းဆွေးနွေးသွားဖို့ရှိမလား။

    ဖြေ။ ။ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့တယ်ဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ အခြေအနေက အင်မတန် အကျပ်အ တည်း ကြီးမားတဲ့ အချိန်မှ ဒီလိုမျိုးဖွဲ့စည်းရတာပါ။ သာမန်အချိန်မျိုး သာမန်အခြေအနေအောက်မှာ ဘယ်နိုင်ငံ ဘယ်အစိုးရမှာမှ ဒီလိုအမျိုးသားညီညွတ်ရေးပုံစံ မဖွဲ့စည်းဘူး။ ဘာကြောင့်လည်းဆိုတော့ NLD က သောင်ပြို ကမ်းပြိုနိုင်တာမဟုတ်ဘူး။ မိုးပါပြိုတယ်။ ဒီတစ်ခေါက်မှာနော်။ အခုက ၈၂ ရာခိုင်နှုန်းတောင်ရတယ်။ ဒါကြောင့် အစိုးရဖွဲ့တဲ့နေရာမှာ ဘယ်သူ့ကိုမှ ခေါ်စရာကိုမလိုဘူး။ သူစိတ်ကြိုက်ဖွဲ့လို့ရတယ်။ ဘာဖြစ်လို့ အမျိုးသား ညီ ညွတ်ရေး အစိုးရဖွဲ့ဖို့ ဒေါက်တာမျိုးညွန့်တို့က ရှင်းတာလည်းဆိုတော့ ဗမာပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းပဲ။ ဒါကအထွေထွေ အကျပ်အတည်းဖြစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရပုံစံနဲ့မှ ဒါကိုဖျက်လို့ရမယ်။ ဒါပေမယ့် NLD တစ်ဖွဲ့ တည်းသွားမယ်ဆို တိုင်းပြည် ပြိုကွဲသွားမှာပဲ။

    မေး – နောက်ထပ် ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောပေးပါ။

    နိုင်တင်အောင် – ပြည်တွင်းစစ်ကို အမြန်ရပ်ဖို့လိုမယ်။ အဲ့တာကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဖြစ်မှ ရပ်လို့ရမယ်။ ဖက်ဒရယ်မူကို အမြန်ဆုံးတည်ဆောက်ပါ။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြု ပေးပါ။ ၂၀၀၈ ဖွဲ့စည်းပုံကိုပြန်ပြင်ရမယ်။ ဒီအတိုင်းသွားလို့မရဘူး။ ပြည်သူကလက်ခံတဲ့ နိုင်ငံတကာကိုဝင်ဆန့် လို့ရမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ဖို့လိုမယ်။ အဲ့လိုလုပ်မယ်ဆိုရင် မြန်မာပြည်ရဲ့ အခြေအနေက ပြန်ကောင်းသွားလိမ့်မယ်။

    (ပြီး)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts