spot_img
Tuesday, March 3, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးKNLA တပ်မဟာ(၅)အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ဟု တပ်မတော်သတင်းထုတ်ပြန်

    KNLA တပ်မဟာ(၅)အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ဟု တပ်မတော်သတင်းထုတ်ပြန်

    -

    စိုင်းဝင်းဦး (ဒီဇင်ဘာ ၁၆)

    ကရင်ပြည်နယ်၊ မဲဝိုင်အနီးတွင် တပ်မတော်မှ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်လျက်ရှိသည်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)မှ မိုင်းဆွဲ တိုက်ခိုက်သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဒီဇင်ဘာလ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ယင်းသို့ နံနက်ပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ KNLA အဖွဲ့ဆုတ်ခွာထွက်ပြေး၍ တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယင်းဖြစ်စဉ်ကို အနီးကပ်တွေ့ရှိထားသူ ဖာပွန်ဒေသခံ စောထီးက “မဲဝိုင်မှာ အစိုးရတပ်စခန်းရှိနေတာကြာပြီ KNU တပ်မဟာ (၅) က လာပစ်နေတာ တစ်ပတ်လောက်ရှိပြီး လာပစ်တယ် ဝိုင်းထားတယ် ချောင်းပစ်တယ် အခုနောက်ဆုံးဖြစ်တာ ကျနော်တွေ့တာကတော့ တပ်က ၂ ယောက်ကျသွားတယ် ၆ ယောက်ဒဏ်ရာရသွားတယ်” ဟု ပြောသည်။

    သို့ရာတွင် မြန်မာ့တပ်မတော်အနေဖြင့် KNU နယ်မြေများရှိ ကျေးရွာအတွင်း ယခင်စခန်းချတပ်စွဲထားသည့် တပ်စခန်းများနှင့် ထပ်မံတိုးချဲ့ခဲ့သည့် စခန်းများအား ငြိမ်းချမ်းရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်ရေးကို ရှေးရှုပြီး ၂၀၂၀ ခုနှစ်အကုန်တွင် အပြီးအပိုင် ရုတ်သိမ်းပေးရန် KNLA က ဒီဇင်ဘာလ (၁) ရက်တွင် ထုတ်ပြန်ခဲ့သည်။

    မြန်မာ့တပ်မတော်အနေဖြင့် ၎င်းကိစ္စရပ်များအား လေးစားလိုက်နာမှုမရှိဘဲ ရှေ့ဆက်ချိုးဖော်ကျူးလွန်မည်ဆိုပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာအရပ်ရပ်သည် အစိုးရနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေးတည်ဆောက်ရေးဆိုင်ရာ ပျက်ကွက်မှုသာဖြစ်ပြီး မိမိတို့ KNLA အနေဖြင့် အမျိုးသားနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဦးလည်မသုန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

    အဆိုပါ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ KNU နှင့် KNLA တာဝန်ရှိပုဂ္ဂိုလ်များအား ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားကြသဖြင့် အဆက်အသွယ်မရခဲ့ပေ။ 

    KNLA တပ်မဟာ(၅)အဖွဲ့အနေဖြင့် ဒီဇင်ဘာလအတွင်း မဲဝိုင်အနီး သတ်မှတ်နယ်မြေ ကျော်လွန်၍ မိုင်းဆွဲတိုက်ခိုက်မှု ၅ ကြိမ်နှင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ Code of Conduct အခန်း(၃)ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    တပ်မတော်အနေဖြင့် စစ်မှန်သောထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် NCA စာချုပ်ပါ သဘောတူညီချက်များကို လေးစားစောင့်ထိန်းလျက်ရှိပြီး KNLA တပ်မဟာ(၅)၏ NCA သဘောတူစာချုပ် ချိုးဖောက်မှုများနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(ပြည်နယ်အဆင့်) Joint Ceasefire Monitoring Committee – State Level သို့  ၃၉ ကြိမ် ကန့်ကွက်ခဲ့ကြောင်းနှင့် နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု တပ်မတော်ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

    NCA အခန်း (၃) အပိုဒ် (၅)(ဃ)နှင့် အပိုဒ် (၉) (ဋ) တွင် ပြည်သူလူထုနှင့် ဆက်စပ်ပတ်သက်သော နေရာတွင် စစ်ရေးဆိုင်ရာ တပ်စခန်းချခြင်း မပြုလုပ်ရန်ပါရှိပြီး NCA အခန်း (၃) အပိုဒ်(၅)(က)တွင် အင်အား တိုးချဲ့ခြင်း၊ အပိုဒ် (ဂ)တွင် အင်အားအသစ်ဖြည့်တင်းခြင်းနှင့် တပ်စခန်းအသစ် ထပ်မံဆောင်လုပ်ခြင်းများ မပြုလုပ်ရန်ပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks